ကမာရွတ် ၂၁ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားရုံဖွင့်ပွဲကို အမှတ်(၈)ရပ်ကွက်၊ မင်္ဂလာလမ်း (လှည်းတန်းကုန်းဆင်းအနီး)ရှိ ခြင်းလုံးအားကစားရုံတွင် ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကမာရွတ်မြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်နှင့် အမှတ်(၁)နယ်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းတို့က အမှာစကားများ ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဠ ဦးသက်လွင်က ခြင်းလုံးအားကစာရုံတည်မြဲရေး၊ တိုင်းနှင့်ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ရိုးရာခြင်းလုံးအားကစားသမားများ ဖေါ်ထုတ်နိုင်ရေး ကြိုးစားလေ့ကျင့်ကြရန် ပြောကြားခဲ့ပြီး မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကနှင့် ကမာရွတ်မြို့နယ် ခြင်းလုံးအားကစားရုံနာယကကြီး ဦးစိုးတင့်က မြန်မာ့ရိုးရာ ခြင်းလုံးအားကစားဖြစ်ပေါ်လာမှုနှင့် ခြင်းလုံးသမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကမာရွတ်မြို့နယ် ခြင်းလုံးအားကစားရုံဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ လှူဒါန်းသော ငွေကျပ်(၁၁)သိန်းနှင့် အခြားအလှူရှင်များ လှူဒါန်းငွေများအား မြို့နယ်ရိုးရာခြင်းလုံးအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ခြင်းလုံးအားကစားရုံ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသော်ထွန်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌများက ခြင်းလုံးသရုပ်ပြ အလှခတ်ကစားကာ မြို့နယ်မြန်မာ့ရိုးရာ ခြင်းလုံးအားကစားရုံအား အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့သည်။
ကိုကြီးစိုး(ဆိပ်ကမ်း)


