ရန်ကုန် သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်စိတ် ပြည့်ဝစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် (မြန်မာစာဌာန)မှ ဒေါ်ခင်ခင်ကျော့တို့က ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာပေ အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။ စကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့် တက်ရောက်ကြပြီး ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မိုးမိုး