ရန်ကုန် ၂၃ ဖေဖော်ဝါရီ 

ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်းအောက်တွင် ဖြတ်သန်းဖောက်လုပ်မည့် မြေအောက်လမ်းကူးလူသွား ဥမင်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါဉမင်တည်ဆောက်မည့် နေရာ၌ ကျင်းပခဲ့သည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊  တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဉီးမောင်မောင်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်ထားသော နေရာအသီးသီးတွင်  မင်္ဂလာပန္နက်အသီးသီးကို ထုရိုက်ပေးကြသည်။

ရန်ကုန်မြို့၏ ပထမဆုံးမြေအောက်လမ်းကူး လူသွားဉမင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “မြေအောက်ဥမင်ဆောက်လုပ်ရခြင်းရဲ့ အဓိကကတော့ ကလေးတွေ နေ့တိုင်းကျောင်းကို လမ်းဖြတ်ပြီး ဟိုဘက်ဒီဘက်သွားတဲ့အခါကျတော့ အပေါ်ကသွားတာထက်စာရင် အောက်ကသွားတာ ပိုကောင်းပါတယ်။ နောက်တစ်ခုက မြေအောက်ဥမင်ကို မြေအောက်ဥမင်အတိုင်းထားလိုက်လို့ရှိရင် လူတွေအတွက် သွားရတဲ့ စိတ်ဝင်စားမှုမရှိဘူး။ ဆိုင်ခန်းတွေဖွင့်မယ်၊ စားသောက်တန်းတွေထားပေးမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဈေးဝယ်ထွက်ရင်းနဲ့သွားတယ်။ ဒုတိယအချက်က လူတွေကများသောအားဖြင့် အမြင့်ချင်း တူရင်တောင်မှ တံတားထိုးမယ်ဆိုရင် ပေ ၂၀ လောက်တက်ရမယ်။ အောက်ကို ၁၀ ပေ လောက်နဲ့ ဆင်းသွားရင် အေးအေးဆေးဆေးသွားရတာကို ရွေးမှာပါ” ဟု ပြောကြားသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်မှာ ပင်မဥမင်အမြင့် ၁၁ ပေရှိပြီး ခန်းဖွင့်အကျယ်မှာ ပေ ၄၀ အလျားမှာ ၁၂၆ ပေ ၁၀ လက်မရှိမည်ဖြစ်ပြီး ဥမင်အတွင်း လူသွားလမ်းအကျယ်မှာ ၁၉ ပေ ၈ လက်မရှိသည်။ သံကူကွန်ကရစ်အမျိူးအစားဖြစ်ပြီး အဝင်၊ အထွက်ပေါက် ၄ ခုပါဝင်မည်ဖြစ်သည်။ 

 

‌ေ

 

ဝင်/ထွက် ဥမင်များ၏ လျှောစောက်ထောင့်မှာ ၃၀ ဒီဂရီဖြစ်ပြီး တစ်နာရီလျင် လူဦးရေ ၆၀ဝ၀ နှုန်း ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။ 

ဥမင်တည်ဆောက်ရာတွင် ‌ရွေ့လျားစက်လှေကား ၃ စင်းနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကားနှစ်စင်းကိုလည်း ထည့်သွင်းတည်ဆောက်မည်ပြီး ဈေးဆိုင်ခန်း ၁၃ ခန်းပါဝင်မည်ဖြစ်သည်။ ကြမ်းခင်းဧရိယာ ၁၁၂၅၀ စတုရန်းပေရှိသော အဆိုပါဥမင်ကို တစ်နှစ်ခန့် အချိန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း