ကမာရွတ်၊ ၅ ဇန်နဝါရီ 


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ လမ်းမပေါ်တွင် မော်တော်ယာဉ်အသုံးပြုသူ ပြည်သူများ အများဆုံးသွား လာလျက်ရှိပြီး ယခုအခါ COVID-19 ရောဂါကြောင့် မိဘပြည်သူများသည် စက်ဘီး၊ E Bicycle၊ မော်တော်ဆိုင်ကယ်များ အသုံးပြု၍ သွားလာနေကြပြီး Delivery Services ဆောင်ရွက်သူများသည် စက်ဘီးများ အသုံးပြု၍ မိဘပြည်သူများ၏ လိုအပ်သည့် ပစ္စည်းများ၊ အစားအသောက်များကို လျင်မြန်လွယ်ကူစွာ ပို့ဆောင်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။ 


စက်ဘီး၊ E Bicycle၊ မော်တော်ဆိုင်ကယ်အသုံးပြုသူများသည် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု အားနည်းခြင်းကြောင့် မလိုလားအပ်သော ယာဉ်မတော်တဆမှုများ၊ ထိခိုက် ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ၊ လုယက်မှုများ၊ ပစ္စည်းဆုံးရှုံးမှုများနှင့် မော်တော်ယာဉ်သွားလာမှုအပေါ် အနှောက်အယှက်ဖြစ်စေမှုများ ဖြစ်ပေါ်နေသည်ကို စိစစ်တွေ့ရှိရပါသည်။


သို့ဖြစ်ပါ၍ အမှတ်(၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ဖောက်ဖျက်၍ စက်ဘီး(အနှေးယာဉ်) အသုံးပြုသူများအား ဇန်နဝါရီ ၄ ရက်မှ ၁၀ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ပြီး စစ်ဆေး ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပညာပေးကာလပြီးသည့် ဇန်နဝါရီ ၁၁ ရက်မှစ၍ ပြဋ္ဌာန်းထားရှိပြီးဖြစ်သော မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ကမာရွတ်မြို့နယ်ရှိ မိဘပြည်သူများနှင့် စက်ဘီးအသုံးပြုသူများအား သိရှိစေရန် နှိုးဆော်ထားကြောင်း သိရသည်။


စိမ်းလဲ့ (ပြန်/ဆက်)