ကမာရွတ် ၊ ၆ ဒီဇင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်းတပ်ဆင်ရေးနှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အရေးကြီးကိစ္စမှအပ ယာဉ်များ ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၌ သွားလာနေသော ယာဉ်များအား မိသားစုကျန်းမာရေး၊ စားသောက်ရေး စျေးဝယ်ခြင်းကိစ္စများစသည့် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်း၊ နှာခေါင်းစည်း မတပ်ဘဲ မောင်းနှင်ခြင်းနှင့် စီးနင်းလိုက်ပါခြင်းများအပြင် သတ်မှတ်ထားသော လူဦးရေထက်ပို၍ စီးနင်းလိုက်ပါလာသော ယာဉ်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


