၃၀ ဧပြီ

ဆီးရီးယား၌ အိုင်အက်စ် စစ်သွေးကြွအုပ်စု စစ်ရေး အရေးနိမ့်နေစဉ်ကာလတွင် အိုင်အက်စ် စစ်သွေးကြွခေါင်းဆောင်  အဘူ ဘာအယ်လ် ဘဂ္ဂဒဒီ ၏ ဝါဒဖြန့် ဗီဒီယိုတစ်ခု ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့က ပေါ်ထွက်လာခဲ့သည်။

ကမ္ဘာ့ အလိုရှိဆုံးပုဂ္ဂိုလ်ဖြစ်သည့် အဆိုပါ အိုင်အက်စ် စစ်သွေးကြွခေါင်းဆောင်ကို ၂၀၁၄ ခုနှစ်က မူဆိုးလ်တွင် နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ပြီး ယခု ဝါဒဖြန့် ဗီဒီယိုကို အိုင်အက်စ် စစ်သွေးကြွအဖွဲ့၏ Al-Furqan အမည်ရှိ မီဒီယာ တစ်ခုမှ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုထဲတွင် ၎င်း၏ဘေး၌ မျက်နှာများကို ဝါးထားသည့် လူသုံးဦးထိုင်နေသည်ကိုတွေ့ရသည်။ လပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြကာ မတ်လအတွင်းက ပြီးဆုံးသွားခဲ့သည့် အိုင်အက်စ် စစ်သွေးကြွအဖွဲ့၏ နောက်ဆုံး ဘဂ်ခေါ့ဇ်ခံစစ်တိုက်ပွဲသည် ရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။  အိုင်အက်စ် အဖွဲ့အနေဖြင့် အီရတ်နှင့် လစ်ဗျားတွင် အရေးနိမ့်ခဲ့သော်လည်း ဂျီဟတ်ဝါဒီများသည် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊ ဘုရားသခင်က ဂျီဟတ် စစ်ပွဲ ဆင်နွှဲသွားရန် အမိန့်ပေးထားပြီး အောင်နိုင်ရမည်ဟု အမိန့် ပေးမထားကြောင်း ထည့်သွင်း ပြောကြားထားသည်။

 

mdn

 

ဧပြီ ၂၁ ရက်က သီရီလင်္ကာနိုင်ငံတွင် လူ ၂၅၃ ဦးသေဆုံးပြီး ၅၀ဝ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တိုက်ခိုက်မှုဟာလည်း ဘဂ်ခေါ့ဇ်တွင် ကျဆုံးခဲ့သည့် ၎င်းတို့အိုင်အက်စ် အဖွဲ့ဝင်များအတွက် လက်စားချေခြင်းဖြစ်ကြောင်း ပြောကြားထားရသည်။ အနောက်နိုင်ငံများကို ဆန့်ကျင်နေသည့် အိုင်အက်စ်အဖွဲ့၏ စစ်ရေး လှုပ်ရှားမှုများသည် ကာလကြာ တိုက်ပွဲများ၏ အစိတ်အပိုင်းသာ ဖြစ်ကြောင်းနှင့် အိုင်အက်စ်အဖွဲ့အနေဖြင့် သေဆုံးသွားခဲ့သည့် အဖွဲ့ဝင်များအတွက် လက်စားချေမှုများ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။

ဘဂ္ဂဒဒီ၏ ဦးခေါင်းအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂၅ မီလီယံ ဆုငွေ ထုတ်ထားပြီး ဗီဒီယိုဖိုင်ကိုလည်း အစစ်အမှန် ဟုတ်မဟုတ် အကဲဖြတ်ခဲ့ကြသည်။ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့အနေဖြင့် အိုင်အက်စ်အဖွဲဲ့သည် အရေးနိမ့်သွားပြီဖြစ်ကြောင်းနှင့် ကျန်ရစ်နေသည့် အိုင်အက်စ်ခေါင်းဆောင်များကိုလည်း ထိုက်သင့်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။ ဘဂ္ဂဒဒီ အနေဖြင့် အသက်ရှင်ကျန်ရစ်နေသေးသော်လည်း အိုင်အက်စ်အဖွဲ့မှာ အထိနာခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။

 

mdn

 

အဘူ ဘာအယ်လ် ဘဂ္ဂဒဒီ ကို ၁၉၇၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀ဝ၃ ခုနှစ်က အီရတ်ကို အမေရိကန် တပ်ဖွဲ့များ ဝင်ရောက်လာစဉ် ၎င်းကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ယင်းနောက် အီရတ်ရှိ အယ်လ်ကိုင်ဒါအဖွဲ့တွင် အဆင့်မြင့်ခေါင်းဆောင်ဖြစ်လာပြီး ၂၀၁၀ တွင် ဦးဆောင်မှုများ ပြုလုပ်လာသည်။ ၂၀၁၃ ခုနှစ်တွင် ဆီးရီးယား စစ်မြေပြင်သို့ နယ်မြေချဲ့ထွင်ခဲ့သူဖြစ်သည်။ နောက်တစ်နှစ်တွင် မူဆိုးလ်ရှိ Al-Nuri ဗလီ၌ ၎င်းကို၎င်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်အဖြစ် ကြေညာခဲ့သည်။

SMZaw( MDN)
Source> AFP