ကာတာအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၂) အီတလီနာမည် ကျော် တင်းနစ်ကစားသမား ဂျန်းနစ်ဆင်းနားသည် ပြိုင်ဘက် ချက်ဇ်တင်းနစ်ကစားသမား တိုမတ်စ် မာဟတ်ချ်ကို ၆-၁၊ ၆-၄ ရလဒ်ဖြင့် အနိုင်ယူကာ ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
၎င်းသည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့သော်လည်း နာမည်ကြီး ဆားဘီးယားတင်းနစ်အကျော်အမော် နိုဗက်ခ် ဂျိုကိုဗစ်ကို ၆-၃၊ ၃-၆၊ ၆-၄၊ ၄-၆၊ ၄-၆ ရလဒ်ဖြင့် ရှုံးနိမ့်ကာ နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်ထားသူဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် ဆင်းနားသည် ကာတာအိုးပင်း ၁၆ ဦးအဆင့်တွင် ဩစတြေးလျတင်းနစ် ကစားသမား အလက်ဇီပိုပီရင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပိုပီရင်သည် ၃၂ ဦးအဆင့်တွင် ကာတာတင်းနစ်ကစားသမား မူဘာရက်အယ်ဟာရာစီနှင့် တွေ့ဆုံ ခဲ့ပြီး ၆-၀၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။
မိုးဇက်


