mdn

ရန်ကုန် ၂၆ မေ

ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့အစည်းက ဦးဆောင်၍ စစ်ပွဲနှင့်အကြမ်းဖက်မှုများ ရပ်တန့်စေရေးအတွက် '''STOP THE WAR & VIOLENCE'' ခေါင်းစဉ်ဖြင့် ကျင်းပသည့် Miss Grand International(MGI) 2018 ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉ဝ ကျော်မှ နိုင်ငံကိုယ်စားပြုအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရ သည်။

''အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် အခြားအာရှတစ်နိုင်ငံနဲ့ ဆွေးနွေးထားပေမယ့် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်း ကျင်အလှအပတွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့စရိုက်တွေ ပြုပြင်ပြောင်းလဲဖို့ ဖော်ဆောင်နေတဲ့ အခြေအနေတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုတွေကို ထင်ဟပ်ပြသနိုင်ဖို့ Hello Madam Media Group ရဲ့ တင်ပြမှုအပေါ် စိတ်ဝင်စားတဲ့အတွက် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရွေးချယ်ခဲ့တာလို့ သိရတယ်''ဟု ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် Miss Grand International- MGI 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ဒေါက်တာအေးချမ်းမိုးက ပြောသည်။

ယခုပြိုင်ပွဲကြီးတွင် Miss Grand Myanmar 2018 အဖြစ် ရွေးချယ်ခံထားရသည့် အလှမယ်ဆုမြတ်ဖူးက မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ''စစ်ပွဲတွေ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတွေကို အဓိကထားလေ့လာထားပါတယ်၊ လောလောဆယ်ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာဖြစ်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ကောလာ ဟလဖြစ်နေတာတွေကို မှန်မှန်ကန်ကန်နဲ့ ပြောပြသွားနိုင်အောင် လေ့လာထားပါတယ်၊ ကိုယ့်နိုင်ငံမှာ ကျင်းပမှာဖြစ်တဲ့အတွက် အခွင့်အရေးတွေတော့ အများကြီးရှိပါတယ်၊ အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု အလှမယ် ဆုမြတ်ဖူးက ပြောသည်။

အဆိုပါပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံတကာအလှမယ်များမှာ အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲမစမီ ကော့သောင်းမြို့ရှိGrand Andaman Hotel & Resort သို့ သွားရောက်လည်ပတ်ကာ Best In Swimsuit Competition ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လေ့လာကာ National Costume Competition ကို ပြုလုပ် သွားရန် စီစဉ်လျက်ရှိပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၅ ရက်တွင်The One Entert ainment Park(Indoor)၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Miss Grand International ပြိုင်ပွဲကြီးကို ၂ဝ၁၃ ခုနှစ်မှစတင်၍ ၂ဝ၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့နှင့် ၂ဝ၁၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ Phu-Quoc ကမ်းခြေ၌ ကျင်းပ ခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် ပွယ်တိုရီကို အလှမယ်၊ ၂ဝ၁၄ ခုနှစ်တွင် ကျူးဘား အလှမယ်၊ ၂ဝ၁၅ ခုနှစ်တွင် သြစတြေးလျ အလှမယ်၊ ၂ဝ၁၆ ခုနှစ်တွင် အင်ဒိုနီးရှားအလှမယ်နှင့် ၂ဝ၁၇ ခုနှစ် ပီရူးလှမယ်များမှ Winner ဆုများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ကျင်းပခဲ့ရာ နယ်ပယ်ကဏ္ဍအသီးသီးရှိ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းရှင်များ၊ အလှမယ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းနှင့် ဓာတ်ပုံ- ဇာနည်မောင်၊ အေးမင်းသူ