ရန်ကုန် ၂၈ စက်တင်ဘာ
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ အဘိဓမ္မရတနာဃရ (အဘိဓမ္မာဓမ္မဗိမာန်တော်)၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသော အတည်ပြု သံဃာတော်အပါး ၃၀၀ အား ထားရှိကုသစောင့်ရှောက်မည် ဖြစ်ကြောင်း အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှ သိရသည်။
ဆွမ်း၊ ဝေယျာဝစ္စ တာဝန်ယူ
“ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို ဒီနေ့ညနေမှာပဲ စလုပ်ဆောင်နေပြီး မနက်ဖြန်အပြီးသတ်ဆောင်ရွက်မှာဖြစ်တာမို့ စက်တင်ဘာ ၃၀ ရက်ကစပြီး အတည်ပြု သံဃာတော်များကို ထားရှိသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အနေနဲ့ ရောက်ရှိလာမယ့် သံဃာတော်တွေရဲ့ ဆွမ်းကိစ္စ၊ ဝေယျာဝစ္စကိစ္စအားလုံးကို တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
တွေ့ဆုံဆွေးနွေး
အဆိုပါ အဘိဓမ္မရတနာဃရ(အဘိဓမ္မာဓမ္မဗိမာန်တော်)၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုသံဃာတော်အပါး ၃၀၀ အား ထားရှိကုသစောင့်ရှောက်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး၊ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က အဘိဓမ္မာဓမ္မဗိမာန်တော်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း- ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်