၁၆ အောက်တိုဘာ

 

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမြင့်မားတဲ့နေရာအဖြစ် ပြောင်းလဲသွားပေမယ့် ကမ္ဘာ့အကြီးစာအုပ်ရောင်းပွဲတော်(ဖရန့်ဖတ်)ကို ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။

 

စာအုပ်အရောင်းပွဲတော်မှာ စာအုပ်တွေပေါ်မှာ လက်မှတ်ရေးထိုးပေးမယ့် စာရေးဆရာတွေဟာ ပလတ်စတစ်ကာရဲ့ နောက်မှာ ရှိနေမှာဖြစ်သလို စာအုပ်ပွဲတော်ကို လာရောက်မယ့် ပရိသတ်တွေကလည်း မျက်နှာဖုံးဝတ်ဆင်လာဖို့ လိုအပ်ပါတယ်။ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲအကြောင်း အရာတွေကိုတော့ အွန်လိုင်းကနေ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့ရတဲ့အတွက် ဒီနှစ်စာအုပ်ပွဲတော်ဟာ တခြားနှစ်တွေနဲ့ မတူတာကိုတွေ့ရပါတယ်။

 

ဂျာမနီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးထိန်းချုပ်မှု ကောင်းမွန်နေတဲ့ နိုင်ငံဖြစ်ပေမယ့် ရုတ်တရက် ရောဂါကူးစက်သူ များပြားလာတဲ့အတွက် စာအုပ်ပွဲတော်စီစဉ်သူတွေအတွက် အစီအစဉ်တွေကို မကြာခဏပြောင်းလဲ စီစဉ်ခဲ့ရတာကိုတွေ့ရပါတယ်။

 

စာအုပ်အရောင်းပွဲတော်မစတင်မီ ၄၈ နာရီအလိုမှာ ပွဲတော်ကျင်းပရေး ဒါရိုက်တာ ရာဂင် ဘူးစ် နဲ့ သူအဖွဲ့က ပြင်ဆင်ထားပြီးသား အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဥပမာ လူ ၄၅၀ တက်ရောက်နိုင်တဲ့ ခန်းမမှာ ကျင်းပမယ့် စာတမ်းဖတ်ပွဲနဲ့ အင်တာဗျူး လုပ်ဖို့အစီအစဉ်တွေမှာ ပရိသတ်တက်ရောက်ခွင့် ပိတ်ပင်လိုက်ရပါတယ်။

 

ပြီးခဲ့တဲ့နှစ် စာအုပ်အရောင်းပွဲတော်မှာ လူပေါင်း ၃၀၀,၀၀၀ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn