ရန်ကုန် ၅ ဇန်နဝါရီ
နိုင်ငံတကာအသီးသီး၌ လူသိများပြားသည့် "The Big Bad Wolf ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော်ကြီး"ကို မြန်မာနိုင်ငံ၌ နှစ်ကြိမ်ဆက်တိုက် ကျင်းပခဲ့ပြီးဖြစ်၍ ယခုအခါ တတိယအကြိမ်မြောက် "The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀"ကို ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ၁၁ ရက်တိုင် နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ စာအုပ်ချစ်သူများအတွက် အသစ်စက်စက် အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း တစ်သန်းကျော်ကို ခင်းကျင်းပြသထားမည်ဖြစ်ရာ စာအုပ်ရောင်းပွဲတော်ကြီး၌ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြကြောင်း သိရသည်။
"ဒီစာအုပ်ရောင်းပွဲကနေတစ်ဆင့် ကျွန်မတို့ စာအုပ်တွေကို လူတိုင်းလက်လှမ်းမီနိုင်အောင်နဲ့ များများဖတ်နိုင်အောင် ပြုလုပ်ပေးပြီး ရရှိလာတဲ့ ဗဟုသုတတွေနဲ့အတူ သူတို့တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လှုံ့ဆော်ပေးမယ်။ ပြီးတော့ သူတို့ရဲ့ စွမ်းရည်ကိုပါ မြှင့်တင်ပေးဖို့ မျှော်လင့်ထားပါတယ်"ဟု The Big Bad Wolf Books ၏ တွဲဖက်တည်ထောင်သူ Jacqueline Ng က ပြောကြားသည်။
အဆိုပါ ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော်ကြီး၌ စာအုပ်ချစ်သူများအနေဖြင့် အရောင်းရဆုံး စာအုပ်များ၊ ဂန္ထဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထုများ၊ သုတစာပေများ၊ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာနှင့် ဟင်းချက်နည်းဆိုင်ရာ စာအုပ်များအပြင် အခြားစာအုပ် အမျိုးအစားပေါင်းများစွာကို စိတ်ကြိုက်လေ့လာ ဝယ်ယူနိုင်ကြမည်ဖြစ်ပြီး ကလေးများအတွက် ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ၊ စာအုပ်ထူများ၊ ဆေးရောင်ခြယ်စာအုပ်များနှင့် ရုပ်ပြစာအုပ်များအပြင် အပြန်အလှန် လေ့ကျင့်သင်ကြားပေးသည့် စာအုပ်များ စသည်ဖြင့် အမျိုးအစား အစုံအလင်ကို "The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀"၌ ရရှိနိုင်ကြမည်ဖြစ်ကာ ထိုအထဲမှ ခင်းကျင်းပြသထားသည့် အသစ်စက်စက် အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း တစ်သန်းကျော်ကို မူရင်းဈေး၏ ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ပွင့်သစ္စာ