အင်းတော် ၁၈ မတ်    

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာ ဆရာပွဲဗုံလုပ်ငန်းမှ လှူဒါန်းသော ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး အဓိကဒုန္ဒုဘစည်တော်ကြီးအား မတ် ၁၇ ရက် နံနက် ၉နာရီတွင် စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီတော်တွင်ထားရှိရန် အင်းတော်မြို့ အင်းမြသာယာအားကစားကွင်းမှ စတင်ပင့်ဆောင် သယ်ယူခဲ့ကြောင်းသိရသည်။

 

8

 

အဆိုပါ စည်တော်ကြီးအား ပင့်ဆောင်သယ်ယူရာတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဘိုသန်းညွန့် တိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအဖွဲ့မှ တိုင်းစည်တော်ပင့်ဆောင်ရေး ကော်မတီဝင် ဦးသန်းဌေး၊ စည်တော်အလှူ့ရှင် ဦးကျော်ညွန့်မိသားစု၊ ကသာခရိုင်၊စစ်ကိုင်းခရိုင်တို့မှ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မခေါက်ဗျော၊ မိုးဇာဗျော၊ ဝတ်ရွတ်အသင်းများဖြင့် ပင့်ဆောင်သယ်ယူခဲ့ကြကြောင်းသိရသည်။

 

9

 

လမ်းခရီးတွင် ကောလင်းမြို့၌ မတ် ၁၇ ရက် နေ့တွင် ညအိပ်ရပ်နားပြီး သီတဂူတရားပွဲကျင်းပခြင်း၊ ရွှေဘိုမြို့၌ မတ် ၁၈ ရက်နေ့တွင် ညအိပ်ရပ်နားပြီး သီတဂူတရားပွဲကျင်းပခြင်းများပြုလုပ်သွားပြီး မတ် ၁၉ ရက်နေ့ ညနေတွင် စစ်ကိုင်းမြို့၊ ကောင်မှုတော်စေတီတော်ကြီးတွင် စည်တော်ထားရှိပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။   

စည်တော်ကြီးကို ကသာခရိုင်၊ အင်းတော်မြို့မှ နှစ်ပေါင်း(၁၅၀)ကျော် သက်တမ်းရှိ ကုက္ကိုသားဖြင့် ထွင်းထုထားပြီး စည်တော်ကြီးမျက်နှာဝ ၅ ပေ ၄ လက်မ၊ အရှည် ၁၀ ပေ ၈ လက်မ၊ လုံးဝန်းပတ် ၁၇ ပေ ၈ လက်မ၊ အလေးချိန် ခန့်မှန်း (ဝ.၂၅)တန်၊ စည်တော်ကြီးဘေး တစ်ဖက်တစ်ချပ်တွင် ပုဂံခေတ်လက်ရာ (၁၀၈)ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်မင်းကြီး (၂)ပါးမှ ပူဇော်နေဟန် ထွင်းထုထားကာ စည်တော်ကြီးအတွင်းပိုင်း၌ ဘုရားအနေကဇာတင် သမ္ဗုဒ္ဓေဂါထာတော်၊ ဓါရာဏပရိတ်၊ ပဋ္ဌာန်း (၂၄)ပစ္စည်းနှင့် ရှင်သီဝလိဂါထာတော်၊ ဘားမဲ့ဆရာတော်၏ ဘုရား(၄)ဆူအင်း၊ ကြီးလေးကြီးအင်း၊ ၁၀၈ ကွက်ဂါထာတော်များဖြင့် ထွင်းထုပူဇော်ထားကြောင်း သိရသည်။

ကိုမင်း(အင်းတော်)