ပုဂံ  ၅ မတ်  


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ လောကနန္ဒာ စွယ်တော်မြတ် စေတီအနီးရှိ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တွင် ကမ္ဘာ့ကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း  လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောကြားချက်အရ သိရသည်။


၂၀ဝ၁ ခုနှစ်က တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် မြန်မာ့ကြယ်လိပ် အထီး ၄၂ ကောင်နှင့် အမ အကောင်ရေ ၄၀ အား လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူခဲ့ပြီး မြန်မာတစ်နိုင်ငံထဲသာ ရှိသည့် ရှားပါးမျိုးစိတ် ကြယ်လိပ်သားပေါက်များအား နေရင်းဒေသများသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ တရားမဝင် ဖမ်းဆီးရမိခဲ့သည့် ကြယ်လိပ် ၈၄ ကောင်တွင် ပါရှိလာသော ကြယ်လိပ်အမ တစ်ကောင်သည် ၁၈ နှစ်အကြာ၌ ကမ္ဘာပေါ်တွင် အကြီးဆုံးကြယ်လိပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ရှိ အရွယ်ရောက် ကြယ်လိပ်များ၏ အတန်းစားတွင် အမှတ် ၁၄၆ ဖြစ်ကာ အသက်အားဖြင့် ၂၀ နှစ်ခန့်ရှိမည်ဖြစ်ကြောင်း၊ ကြယ်လိပ်များ၏ကျောပေါ်တွင် နှစ်စဉ်ပေါ်ထွက်လာလေ့ရှိသော လိုင်းများကိုရေတွက်၍ အနီးစပ်ဆုံးသက်တမ်းအား ခန့်မှန်းထားခြင်းဖြစ်ကြောင်း ဦးရွှေဌေးအောင်မှ ပြောသည်။


လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ရှိ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်မကြီးမှာ ကျောခွံအလျား ၄၅.၅ စင်တီမီတာ၊ ကျောခွံအနံ ၃၂.ဝ စင်တီမီတာ၊ ရင်ခွင်အလျား ၃၉.ဝ စင်တီမီတာ၊ ရင်ခွင်အနံ ၂၅.ဝ စင်တီမီတာ၊ အမြင့် ၂၅.ဝ စင်တီမီတာ၊ အလေးချိန် ၁၇.၄၅ ကီလိုဂရမ်၊ (၃၈.၃ပေါင်) ရှိပြီး ခန့်မှန်းသက် ၂၀ နှစ်ရှိကြောင်း သိရသည်။


ကြယ်လိပ်များသည် ပျှမ်းမျှသက်တမ်း ၈၀ နှစ်ကျော်ထိနေထိုင်နိုင်ကြပြီး ခြံလှောင်မွေးမြူရေးစနစ်တွင် (၅-၆)နှစ် အရွယ်ရောက်ကြကာ သဘာဝတောတွင် (၁၀-၁၁)နှစ်၌ အရွယ်ရောက်ကြကြောင်း သိရသည်။ 


ထို့ကြောင့် ခရီးသွား ပြည်သူများအနေဖြင့် ရှားပါးမျိုးစိတ်ကြယ်လိပ်များအား လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် လာရောက်လေ့လာနိုင်ကြောင်း သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

123