ရန်ကုန် ၂၂ သြဂုတ်

 

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးအတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြု စေလွှတ်နိုင်ရန် ယှဉ်ပြိုင်ရွေးချယ်သော (MISS TOURISM WORLDWIDE 2018) ပြိုင်ပွဲကြီး နောက်ဆုံးဆန်ကာတင် အလှမယ်ရွေးချယ်ပွဲကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ဆရာစံ CBC ballroon လမ်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေကြီး ကိုယ်စားပြု အလှမယ် သိမ့်သဉ္ဇာက သရဖူဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် ဆန်ကာတင်ရွေးချယ်ထားသော တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုအလှမယ် ၁၇ ဦးတို့က တိုင်းရင်းသားရိုးရာဝတ်စုံ၊ မြန်မာ့ရိုးရာဝတ်စုံ၊ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုများတွင် ပြိုင်ပွဲဝင်အလှမယ်များမှ အလှမယ် ၁၁ ဦးသို့ စိစစ်ရွေးချယ်ခဲ့သည်။

 

ထို့နောက် ညနေခင်းပွဲတက်ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုတွင် အလှမယ် ၆ ဦးအား ထပ်မံရွေးချယ်ပြီး ထိုမှတစ်ဆင့် နောက်ဆုံး final အလှမယ်အား အဆင့်ဆင့် ရွေးချယ်ကြကြောင်း သိရသည်။ ရွေးချယ်မှုတွင် အလှမယ်လေးများ၏ ကိုယ်နေကိုယ်ဟန်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ပရဟိတလုပ်ငန်များနှင့် ခရီးသွားလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုအပိုင်းများ ပါဝင်ကာ အမှတ်ပေးရွေးချယ်ခြင်းဖြစ်ပြီး ပြိုင်ပွဲကြီး၏ စခန်းသွင်းလေ့ကျင့်ရေးကာလကို အမှတ် ၇၀ ပေးထား၍ ယမန်နေ့ညပြိုင်ပွဲတွင် အမှတ် ၃၀ ပေးကာ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ပြိုင်ပွဲအပြီး Miss Tourism Worldwide Myanmar 2018 သရဖူကို အလှမယ်သိမ့်သဉ္ဇာ (ရန်ကုန်တိုင်းဒေကြီး)က လည်းကောင်း၊ First Runner Up ဆုကို အိသဉ္ဇာဇော် (ရန်ကုန်တိုင်းဒေသကြီး)က လည်းကောင်း၊ Second Runner ဆုကို ယွန်းမီမီခိုင်(စစ်တွေ)တို့က ဆွတ်ခူးရရှိခဲ့ပြီး စခန်းသွင်းကာလတစ်လျှောက် ပြိုင်ပွဲကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြသော အလှမယ်များအား Title Award ဆုများရရှိသွားကြောင်း သိရသည်။

 

“ဒီပြိုင်ပွဲကြီးက မြန်မာနိုင်ငံက အလှအပတွေ၊ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ရိုးရာဝတ်စုံတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို နိုင်ငံတကာမှာ ချပြနိုင်တာဖြစ်လို့ အကျိုးကျေးဇူးများစေပါတယ်။ ဒီပြိုင်ပွဲက Miss Tourism ဖြစ်တာကြောင့် ခရီးသွားရယ်၊ လူမှုယဉ်ကျေးမှုရယ်ပါဝင်ပြီး အဓိကဦးဆောင်ပြသရတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ ခရီးသွားလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ပေးရတာလည်း ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူ ကိုသားချမ်းက ပြောသည်။

 

ယင်းပြိုင်ပွဲကြီးကို GRACE BEAUTY MYANMAR ORGNAZATION မှ စီစဉ်ကျင်းပခြင်းဖြစ်ကာ ရွေးချယ်ခံရသော အလှမယ်သိမ့်သဉ္ဇာသည် စက်တင်ဘာ ၃ ရက်တွင် စင်္ကာပူနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွားပြီး အောက်တိုဘာ ၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပမည့် MISS TOURISM WORLDWIDE ပြိုင်ပွဲကြီး၌ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၀ ခန့်မှ နိုင်ငံကိုယ်စားပြုအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ 

 

အေကေလင်း၊ ဓာတ်ပုံတင်စိုး( မြန်မာ့အလင်း )