နေပြည်တော် ၂၄ ဇန်နဝါရီ

 

မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း (အထက်တန်း) အောင်မြင်ပြီးချိန် အထိ အင်္ဂလိပ်ဘာသာရပ်ကို မသင်မနေရ ဘာသာရပ် တစ်ခုအဖြစ် ပြဋ္ဌာန်း သင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေး ပြီးဆုံးချိန်တွင် ကျောင်းသား ကျောင်းသူအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆို ဆက်ဆံနိုင်မှု စွမ်းရည်မှာ နိမ့်ကျနေဆဲ ဖြစ်သည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်တွင် အင်္ဂလိပ်ဘာသာကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆို အသုံးချနိုင်ရန် ပြုပြင်ပြောင်းလဲ သင်ကြားရေးကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။

 

 

မူလတန်းအဆင့်မှစ၍ အထက်တန်းအဆင့်အထိ ပညာသင်ကြားမှု ပြီးဆုံးချိန်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆို ဆက်ဆံနိုင်စွမ်း မြင့်မားရေးမှာ အထူး လိုအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံလာရသော အခြေအနေတွင် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများတွင်လည်းကောင်း၊ နိုင်ငံတကာနှင့် ပြောဆိုဆက်ဆံရာတွင် လည်းကောင်း အရေး၊ အဖတ်၊ အပြောနှင့် နားထောင်နိုင်စွမ်းရှိသော ဘာသာစကား စွမ်းရည်လေးမျိုးကို တတ်မြောက်ထားရန် လိုအပ်ပါသည်။

 

 

ယနေ့ ထောက်ပြဆွေးနွေး အကြံပြုနေသကဲ့သို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသား ပြောဆိုဆက်ဆံနိုင်မှု စွမ်းရည် နိမ့်ကျနေဆဲဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ၂၀၁၆ ခုနှစ်မှစတင်၍ နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ အင်္ဂလိပ်စာ စွမ်းရည် လေးမျိုးအပါအဝင် ပညာရေးကဏ္ဍ သစ်တစ်ရပ်ကို စတင် အုတ်မြစ်ချပေးနေပြီ ဖြစ်သည်။ ယခုပညာသင်နှစ်၌ ပထမတန်း အင်္ဂလိပ်ဘာသာရပ် ကျောင်းသုံးစာအုပ်တွင် အင်္ဂလိပ်စာ စွမ်းရည်လေးမျိုး ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုထားသည်ကို တွေ့ရသည်။

 

 

ပညာရေးသည် ရေရှည်ဆောင်ရွက်ရသော သိမ်မွေ့နက်နဲသည့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းဖြစ်သည်။ ပညာရေးတွင် အင်္ဂလိပ်ဘာသာ စွမ်းရည်လေးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ရေး ဆောင်ရွက်ရာ၌ ပဓာနကျသူများမှာ ပညာရေးဆိုင်ရာ တတ်သိပညာရှင်များ၊ မိဘများ၊ ဆရာများနှင့် မှတ်သားလေ့လာ ဆည်းပူးသင်ယူကြသည့် ကျောင်းသား ကျောင်းသူများ ဖြစ်သည်။ ဤတွင် သင်ကြားပေးသူ ဆရာများနှင့် သင်ယူသူ ကျောင်းသား ကျောင်းသူများ အခန်းကဏ္ဍမှာ အထူးအရေးကြီးသည်။

 

 

ထို့ကြောင့် အင်္ဂလိပ်စာစွမ်းရည် လေးမျိုးရရှိအောင် သင်ကြားနည်းသစ်များ အသုံးပြု၍ ပြောင်းလဲ သင်ကြားနိုင်ရေးအတွက် သင်ရိုးများ ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ သင်ရိုးသစ်များ ရေးဆွဲပြီးပါက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင်၍ ပထမတန်းမှ ဒွါဒသမတန်းအထိ စွမ်းရည်လေးမျိုးကို အခြေခံသော သင်ရိုးညွှန်းတမ်း အသစ်များဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများအား သင်ကြားပေးတော့မည် ဖြစ်သည်။ ထိုအခါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင်၍ ကျောင်းနေကလေးငယ်များ အရွယ်ရောက်သောအခါ အင်္ဂလိပ်စာစွမ်းရည် လေးမျိုး တတ်မြောက်သည့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော လူရွယ်အားလုံး ဖြစ်လာပေလိမ့်မည်။

 

ပညာရေးဆိုသည်မှာ နှစ်ရှည်သစ်ပင်စိုက်ရာ၌ အပင်အရွယ်ရောက်သည့် သက်တမ်းပြည့်မှသာ ထိုအပင်၏ အကျိုးကို ခံစားနိုင်သကဲ့သို့ဖြစ်သည်။ မျက်မှောက်ကာလတွင် ပင်ကိုပညာပါရမီ ကောင်းသူနှင့် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကြိုးစားအားထုတ်သူ အနည်းစုသာ အင်္ဂလိပ်စာစွမ်းရည် လေးမျိုး တတ်မြောက်ကြသည်ကို တွေ့ရသည်။ ကျန်လူငယ်အများစုမှာ အင်္ဂလိပ်စာစွမ်းရည် လေးမျိုး အားနည်းနေသည်ကို တွေ့ရသည်။ ထိုသို့ အားနည်းသည်မှာ ကျောင်းသား ကျောင်းသူများ၏ ချွတ်ယွင်းချက် မဟုတ်ဘဲ သင်ကြားမှုစနစ်နှင့် သင်ကြားမှု ပတ်ဝန်းကျင် အနေအထားကြောင့်သာ ဖြစ်သည်။ မြန်မာနိုင်ငံ ပညာရေးသမိုင်း၏ ပထမခေတ်ကာလက အင်္ဂလိပ်စာကို မူလတန်းမှ စတင်သင်ကြားခဲ့၍ တိုးတက်သည်။ ဒုတိယ ကာလတွင် အလယ်တန်းမှ စတင်သင်ကြားရ၍ ညံ့ဖျင်းသည်။ ယခုမူလတန်းမှစပြီး ပြန်လည် သင်ကြားနေပြီဖြစ်၍ တိုးတက်တော့မည်ဖြစ်သည်။

 

 

သို့ဖြစ်ရာ ပညာရေးသည် တိုင်းပြည်၏ အခြေခံအုတ်မြစ်၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သောကြောင့် ယနေ့ကလေးသူငယ်များအား ကောင်းမွန်သည့် ပညာရေးစနစ် ထူထောင်ပေးနိုင်မှသာ ကမ္ဘာ့အလယ်တွင် ပညာစွမ်းရည် မြင့်မား တိုးတက်မည်ဖြစ်ပါကြောင်း။

 

 

(ကြေးမုံ)