ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသော ပုဂံဒေသကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော် အဆိုတော်များက ဂီတပွဲဖြင့် အခမဲ့ဖျော်ဖြေမည်

ရန်ကုန် ၉ ဇူလိုင်

 

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသည် မြန်မာနိုင်ငံတွင် ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ယူနက်စကိုအောက်ရှိ ကမ္ဘာအမွေအနှစ်ကော်မတီ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ရာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် ပုဂံဒေသအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော်များ စုပေါင်း၍ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်နေ့ထိ ပုဂံအာနန္ဒာဘုရားရှေ့ရှိ ယာဉ်ရပ်နားဝင်းတွင် အခမဲ့ သီဆိုဂုဏ်ပြုသွားမည်ဟု သိရသည်။

 

ဇူလိုင်(၁၂)ရက်တွင် မြန်မာသံစဉ်အဆိုတော်ကြီးများဖြစ်သော အန်တီထား၊ ဒေါ်ရီရီသန့်၊ ဒေါ်ချိုဝေလွင်၊ ဒေါ်ချိုပြုံး၊ ကေတုဝင်းထွဋ်၊ ဦးတင်ဦးလေး၊ ဦးသန်းမြတ်စိုး၊ ဖိုးသောကြာ၊ ခင်ပိုးပန်းချီတို့က ဖျော်ဖြေမည်ဖြစ်ပြီး ဇူလိုင် (၁၃)ရက်တွင် ဇော်ဝင်းထွဋ်၊ ဝေလ၊ ရင်ဂို၊ စည်သူလွင်၊ ဇော်ပိုင်၊ ဂျီလတ်၊ လင်းလင်း၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ကော်နီ၊ မီမီဝင်းဖေ၊ ချောစုခင် အစရှိသော အဆိုတော်များက ဂုဏ်ပြုသီဆို၍ ဇူလိုင်(၁၄)ရက်၌ ဖိုးချစ်၏ ဇာတ်သဘင်နှင့်အတူ ဦးဝင်းနောင်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်တို့က ဇာတ်သဘင်များဖြင့် ကပြဖျော်ဖြေသွားမည်ဟု သိရသည်။

 

အဆိုပါအစီအစဉ်အား Shin than Thu (STT) ကုမ္ပဏီမှ ဦးစီးကျင်းပမည့် Free Show ပွဲဖြစ်ကြောင်း အဆိုတော် ဇော်ဝင်းထွဋ်၏ Photo Album Facebook page တွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။

 

ဓာတ်ပုံ- သန်းစိုး
သတင်း- သန်းထိုက်