မန္တလေး ၁၅ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားသော ကျွန်းလယ်တောအိမ်တချို့ကို ၂၀၂၀ ခုနှစ်အတွက် ပေးအပ်သော 2020 World Monuments Watch အဖြစ် ရွေးခြယ်ခံခဲ့ရကြောင်း သိရသည်။

 

“2020 World Monuments Watch အဖြစ် ရွေးချယ်ခံရဖို့ တင်ပြခဲ့တဲ့ လယ်တောအိမ်တွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက လယ်တောအိမ်တချို့ပဲဖြစ်ပြီး ဆက်လက်ပြီးတော့လည်း မတူညီတဲ့ဒေသတွေမှာ ရှိကြတဲ့ မတူညီသော လူမျိုးပေါင်းစုံရဲ့ စိတ်ဝင်စားဖွယ်ရာ ဗိသုကာအဆောက်အအုံတွေကို ကွင်းဆင်းသုတေသနပြု မှတ်တမ်းတင်ပြီး ကမ္ဘာသိအောင် ဖော်ထုတ်သွားမှာပါ” ဟု ပရိုဂရမ်ဦးဆောင်တင်သွင်းသူ နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာန ပါမောက္ခ ဒေါက်တာ ဇာခြည်မင်းက ပြောသည်။

 

“World Monuments Watch” ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော American Express ၏ ပံ့ပိုးမှုဖြင့် ၁၉၉၆ ခုနှစ်မှ စတင်ကာ ကမ္ဘာအသီးသီးက ထိန်းသိမ်းရန်လိုအပ်နေသော ယဉ်ကျေးမှု အမွေအနှစ်လက်ရာများကို ထိန်းသိမ်းရန်အတွက် ပံ့ပိုးပေးနေသော ပရိုဂရမ်တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် Non Government Organization တစ်ခုဖြစ်သော World Monuments Fund (WMF)၏ ပရိုဂရမ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

 

“ဒီလယ်တောအိမ်တွေက ကျွန်းနဲ့ဆောက်ထားတာပြီး မြန်မာ့ရိုးရာဗိသုကာလက်ရာအရ ဂုဏ်ယူစရာအဖြစ်၊ မြန်မာတို့ရဲ့ နေထိုင်မှုဓလေ့စရိုက်တွေကို ကမ္ဘာက နှစ်သက်စရာအဖြစ် ထင်ဟပ်ပြသနိုင်တဲ့ အခြေနေတစ်ရပ် ဖြစ်နေတာကြောင့်လည်း အခုလို ရွေးခြယ်ခံရတာ ဖြစ်နိုင်တယ်။ ဒီလိုရွေးချယ်ခံရတာနဲ့ ပတ်သက်လို့ကတော့ ကမ္ဘာသိအောင် ဖော်ထုတ်ပြသသွားမှာပဲ ဖြစ်ပါတယ်” ဟု နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာန ပါမောက္ခ ဒေါက်တာ ဇာခြည်မင်းက ဆက်လက်ပြောသည်။

 

World Monuments Fund (WMF) သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ထိန်းသိမ်းရန်လိုအပ်သော ယဉ်ကျေးမှုအမွေနှစ် လက်ရာများကို “World Monuments Watch” အရှည်တည်တံ့ ထိန်းသိမ်းစောင့်ရှောက် မှတ်တမ်းတင်ရမည့် အဆောက်အဦးများအဖြစ် ၂ နှစ်လျှင်တစ်ကြိမ် ရွေးချယ်ပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက တင်သွင်းသော ပရောဂျက်ပေါင်း ၂၅၀ ရှိရာမှ မြန်မာနိုင်ငံရှိ မြန်မာ့ကျွန်းသစ်လယ်တောအိမ်များ အပါအဝင် ပရောဂျက်ပေါင်း ၂၅ ခု ရွေးခြယ်ခံခဲ့ရကြောင်းနှင့် နောင်တစ်ချိန်တွင် မြန်မာ့လူနေမှုဘဝကို ထင်ဟပ်ပေါ်လွင်စေသော ရိုးရာဗိသုကာလက်ရာများ၊ ဆောက်လုပ်မှုစနစ်များ၊ Local Materials များကို အသုံးပြုဆောက်လုပ်ထားသော နည်းပညာများ မပျောက်ပျက်အောင် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၌ World Monuments Watch အစီစဉ်တွင် စတင်တင်သွင်းခဲ့ကြောင်း  သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)