ကမ္ဘာ့အပူချိန်ဆိုတာ

သိပ္ပံစာရေးဆရာ ကိုကိုအောင်

ကမ္ဘာသည် မိမိဝင်ရိုးပေါ်၌ ၂၃ /ဒီဂရီ တိမ်းစောင်းလျက် ၂၄ နာရီလျှင် တစ်ပတ်ကျ လည်နေရင်း နေလုံးကြီးကိုလည်း ၃၆၅ ရက်လျှင် တစ်ပတ်ကျနှုန်းဖြင့် လှည့်ပတ်လျက် ရှိနေသည်။ ဤသို့သော ပထဝီသဘောတရားကြောင့်ပင် မည်သည့်အချိန်၌မဆို ကမ္ဘာတစ်ခြမ်းသည် နေ့အချိန်ဖြစ်၍ အပူချိန်မြင့်တက်နေကာ ကျန်တစ်ခြမ်းက ညအချိန်ဖြစ်ပြီး အပူချိန် ကျဆင်းနေသည်။ နေအလင်းရောင်ရရှိနေသော နေ့အခါမျိုး၌ပင် ကမ္ဘာ့တောင်နှင့် မြောက်ဝင်ရိုးစွန်းတို့၌ အနုတ် ၃၀ ဒီဂရီ စင်တီဂရိတ်ခန့်အထိ အပူချိန်ကျဆင်းနေချိန်တွင် အီကွေတာရပ်ဝန်း၌ အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိနေသည်။

ပျမ်းမျှအပူချိန်ထုတ်ပြန်နိုင်ရန်ကြိုးစားခဲ့

ကမ္ဘာ့အရပ်ဒေသတစ်ခုတည်းအတွင်းမှာပင် ဒေသအပူချိန်က အချိန်နှင့်အမျှ ပြောင်းလဲလျက် ရှိနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ချင်းမတူသော ဒေသများ၊ ပင်လယ်ကမ်းခြေနှင့် အနီးအဝေးမတူသော ဒေသများ၊ သစ်ပင်တောအုပ် လွှမ်းမိုးမှုဧရိယာ မတူညီသောဒေသများ စသည်တို့မှာ အပူချိန်ချင်း တူညီမှုမရှိနိုင်ကြပေ။ ထို့အတူ ကုန်းမြေထုအများစုဖြစ်သော ကမ္ဘာ့မြောက်ခြမ်း၏ အပူအအေး ပြောင်းလဲမှုပုံစံကလည်း သမုဒ္ဒရာရေထု အများစုဖြစ်သည့် ကမ္ဘာ့တောင်ခြမ်း၏ အပူအအေး ပြောင်းလဲပုံနှင့် ထပ်တူမကျနိုင်ပေ။

ခေတ်သစ်သိပ္ပံပညာဖြင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တိုင်းတာတွက်ချက်နိုင်ရန်အတွက် အထက်ပါကဲ့သို့ ပထဝီ အနေအထားမတူညီသော အရပ်ဒေသပေါင်းစုံ၌ ပင်မတိုင်းတာရေး အခြေခံစခန်းပေါင်း ၃၀၀၀ ကျော်ကို တည်ဆောက်ထားရသည်။ သို့ရာတွင် အဆိုပါစခန်းပေါင်း ၃၀၀၀ ကျော်မှတိုင်းတာရရှိသော အချက်အလက်များမှာ အခြေခံတိုင်းတာရေး အချက်အလက်များသာလျှင် ဖြစ်ကြပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်ရန် လုံလောက်မှု မရှိသေးပေ။

ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်နှင့် သမုဒ္ဒရာရေပြင်များပေါ်၌ ခုတ်မောင်းသွားလာနေကြသည့် ကုန်သွယ်ရေကြောင်း သင်္ဘောများ၊ နိုင်ငံပိုင်ရေပြင်နယ်နိမိတ် အဝန်းအဝိုင်းအတွင်း၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသော ရေတပ်သင်္ဘောများ၊ နိုင်ငံတကာ ရေပြင်ပိုင်နက်အတွင်း၌ စစ်ရေးတာဝန် ထမ်းဆောင်နေကြသော ရေတပ်သင်္ဘော အုပ်စုများ၊ ပင်လယ်အတွင်း၌ချထားသည့် ဗော်ယာများ စသည်တို့မှ တိုင်းတာရရှိသော ရေပြင်အပူချိန်မှတ်တမ်း များစွာတို့ကိုလည်း ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်ရာ၌ ထည့်သွင်းကြရသည်။

ထို့ပြင် အာကာသထဲရှိ ကမ္ဘာပတ်လမ်းကြောင်း အတွင်း၌ လွှတ်တင်ထားသော ဂြိုဟ်တုများက တိုင်းတာပေးပို့သည့် ကမ္ဘာ့အောက်လွှာလေထု၏ အပူချိန်မှတ်တမ်း အများအပြားသည်လည်း ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်ရန်အတွက် အားဖြည့်ကိန်းဂဏန်း အချက်အလက်များ ဖြစ်ကြသည်။ သိပ္ပံပညာရှင်တို့သည် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တိုင်းတာတွက်ချက် ထုတ်ပြန်နိုင်ရန် ၁၈၆၀ ပြည့်နှစ်ကတည်းက ကြိုးပမ်းအားထုတ် လုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် နည်းပညာများ မတိုးတက် မထွန်းကားသေးသည့် ကာလများဖြစ်သည့်အတွက် ထိုစဉ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် တိကျပြည့်စုံမှု မရှိခဲ့ပေ။

၁၉၇၀ ပြည့်လွန်ပြီးနောက် တိကျစွာထုတ်ပြန်ကြေညာနိုင်

ထိုမှတစ်ဆင့် ၁၉၃၀ ပြည့်နှစ် အရောက်တွင် တစ်ကမ္ဘာလုံး၌ တိုးမြှင့်ထုတ်လွှတ်နေသော ကာဗွန်ဓာတ်ငွေ့ပမာဏသည် မြင့်တက်လာသော ကမ္ဘာ့အပူချိန် နှင့် တိုက်ရိုက် အချိုးကျနေကြောင်း ဖော်ထုတ်လာနိုင်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ၌ အာကာသထဲရှိ ကမ္ဘာပတ်လမ်းကြောင်းပေါ်သို့ ဂြိုဟ်တုများကို လွှတ်တင်နေရာချထားလာနိုင်ပြီး ထိုမှတစ်ဆင့် ၁၉၇၀ ပြည့်လွန် နှစ်များမှစ၍ တိုင်းတာသတင်းပေးပို့ရေး ဂြိုဟ်တုများ တည်ဆောက်သည့် နည်းပညာအဆင့်အတန်း မြင့်မား လာခဲ့ရာ ထိုကာလများမှစ၍ ကမ္ဘာ့အပေါ်လွှာလေထု၏ အပူချိန်များ၊ ကမ္ဘာ့အောက်လွှာလေထု၏ အပူချိန်များ၊ သမုဒ္ဒရာရေပြင်နှင့် တောင်တန်းများပေါ်ရှိ လေထုအပူချိန် များကို ဂြိုဟ်တုများက မြေပြင်စခန်းများဆီသို့ စဉ်ဆက် မပြတ် ပေးပို့လာနိုင်သည်။

ဤသို့အားဖြင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်ထုတ်ပြန်သော ကိန်းဂဏန်းများမှာ ပို၍ တိကျသေချာလာသည်။ ၁၈၀၀ ပြည့်နှစ်နှင့် ၁၈၇ဝ ပြည့်နှစ်အတွင်း နှစ် ၇၀ ကာလ၏ ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ ၁၃ ဒသမ ၆ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်ဟူ၍ ရှည်လျားသော နှစ်ကာလကို ခြုံငုံတွက်ချက် ထုတ်ပြန်ခဲ့ကြရာမှ ၁၉၆၀ ပြည့်နှစ်အရောက် တွင် အဆိုပါပြက္ခဒိန်နှစ်၏ ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ ၁၃ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း နှစ်တစ်နှစ်ချင်း အလိုက် ပို၍တိကျစွာ ထုတ်ပြန်ကြေညာနိုင်ခဲ့ကြသည်။

၁၉၈၀ပြည့်နှစ်သို့ရောက်ရှိလာချိန်တွင်မူ အဆိုပါနှစ်၏ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ထုတ်ပြန်ပေးနိုင်ရုံမျှမက၊ နောက်ကြောင်းပြန် ၁၀ နှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ ဝ ဒသမ ၁၅ ဒီဂရီစင်တီဂရိတ် မြင့်တက်ခဲ့ကြောင်း ခိုင်ခိုင် မာမာ ထုတ်ဖော်နိုင်ခဲ့ကြသည်။ ကမ္ဘာ့ပျမ်းမျှအပူချိန် တိုင်းတာမှုနည်းပညာများ အဆင့်မြင့်လာခြင်း၊ တိုင်းတာရေးစခန်းများ တိုးချဲ့တည်ဆောက်လာနိုင်ခြင်း၊ ကုန်သွယ် ရေကြောင်းသင်္ဘောလိုင်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကျယ်ပြန့်လာခြင်း၊ ရေတပ်သင်္ဘောများ၏ ထိရောက်သော ကူညီပံ့ပိုးမှုကို ပိုမိုရရှိလာခြင်း စသောအပြုသဘောဆောင်သည့် အကြောင်းအရရာများသည် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်ထုတ်ပြန်နိုင်ရေးအတွက် ကြီးမားသော အထောက်အပံ့များ ဖြစ်လာရုံမျှမက၊ ကမ္ဘာ့သမိုင်း တစ်လျှောက် အပူဆုံးသော နှစ်ကာလကိုရှာဖွေဖော်ထုတ်ရာ၌ပါ ထိရောက်သော စွမ်းဆောင်ချက်များ ဖြစ်လာကြသည်။

နောက်ကြောင်းပြန်ရာသီဥတုဖြစ်စဉ်များဖော်ထုတ်

ယင်းကဲ့သို့ထိရောက်သော စွမ်းဆောင်ချက်များကြောင့် ( ၁၈၆၀ ပြည့်နှစ်မှစ၍ နှစ်ပေါင်း ၁၅၀ အတွင်း အပူပြင်းဆုံးသော နှစ်ကာလများမှာ ၁၉၉၅ ခုနှစ် နောက်ပိုင်း၌သာ ဖြစ်ပေါ်ကြောင်း တွေ့ရှိလာရသည်။ လွန်ခဲ့သောနှစ် ၁၀၀ က ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ ၁၃ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်သာရှိခဲ့သော်လည်း၊ မျက်မှောက်ကာလတွင်မူ ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၄ဒသမ၃ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက် နေပြီဖြစ်သည်။

နောက်ကြောင်းပြန် ကာလများကိုကြည့်လျှင် ၁၈၈ဝ ပြည့်နှစ်မှ ၁၉၂၀ ပြည့်နှစ်အတွင်း ပျမ်းမျှအပူချိန်သည် ( ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း ပျမ်းမျှအပူချိန် ထက် လျော့နည်းနေကြောင်း တွေ့ရှိရသည်။ တစ်နည်းဆိုရသော် ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်ကာလအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ မြင့်တက်ခဲ့ကြောင်း မီးမောင်းထိုးပြ နေခြင်းပင်ဖြစ်သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ကာလတစ်လျှောက်လုံး၌ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တက်လိုက်ကျလိုက် ဖြစ်နေခဲ့ရာမှ ၁၉၇၉ ခုနှစ်မှစ၍ ကမ္ဘာ့ပျမ်းမျှအပူချိန်က သိသာစွာ မြင့်တက်လာခဲ့သည်။ ထိုကာလနောက်ပိုင်း ကမ္ဘာ့အပူချိန် မြင့်တက်နှုန်းသည် နှစ်ပေါင်း ၅၀၀၀ အတွင်း အမြန်ဆုံးနှုန်းဖြစ်ကြောင်း သိပ္ပံသုတေသီတို့က ဆိုကြသည်။

အတိတ်ကာလ၏ ရာသီဥတုအခြေအနေများ ဖော်ထုတ်ရေးဆိုင်ရာ နည်းပညာများကို အသုံးချကာ လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းကာလအထိ နောက်ကြောင်းပြန်လျက် ကမ္ဘာ့မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသ၏ ရာသီဥတုပြောင်းလဲမှုများကို လေ့လာလျက်ရှိသော အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့သည် အစဉ်ခဲနေသော ရေခဲလွှာများ၏ အရည်ပျော်ကျနှုန်း၊ ဝင်ရိုးစွန်းရေခဲလွှာပျော်ရည်ဖြစ်သော ရေချိုများ၏ ပမာဏနှင့် အငွေ့ပျံနှုန်း ကမ္ဘာ့မြောက်ဘက်စွန်း၌ တိမ်လွှာထုဖြစ်ပေါ်မှုနှင့် အင်အားပြင်းမုန်တိုင်းကြီးများ၊ သမုဒ္ဒရာရေစီးကြောင်းကြီးများ၊ ရေအောက်အပင်များ ပေါက်ရောက်မှု၊ ရေနေသတ္တဝါများ ရွှေ့ပြောင်းကျက်စားမှု စသည်တို့ကို အသေးစိတ်လေ့လာပြီးနောက် အထက်ပါ အတိုင်း ထုတ်ဖော်ကြေညာခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့်ထောင်ဂဏန်းနှင့်ချီသော ငါးနှင့် ရေသတ္တဝါမျိုးစိတ်များမှာ ပို၍အေးမြသော ဝင်ရိုးစွန်းဒေသများဆီသို့ စားကျက်ရွှေ့ ပြောင်းသွားကြသည့်အတွက်၊ အီကွေတာ ရပ်ဝန်းဒေသများ၌ ငါးဖမ်းဆီးရမိသည့် ပမာဏများ လျော့နည်းသွားခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်နှုန်းသည် ဤပုံဤနည်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ငါးနှင့် ရေသတ္တဝါ မျိုးစိတ်များစွာတို့သည် ဆယ်စုနှစ်တစ်စုလျှင် ၂၅ မိုင်နှုန်းဖြင့် မြောက်အရပ်ဆီသို့၊ တစ်နည်းအားဖြင့် ရေပြင်အပူချိန် ပို၍လျော့နည်းရာဒေသများဆီသို့ ကူးခပ်ရွှေ့ ပြောင်းသွားကြဖွယ် ရှိနေသည်။

ပျမ်းမျှအပူချိန်မြင့်တက်မှု၏ ကြန်အင်လက္ခဏာများ

ထိုကဲ့သို့ စားကျက်ရွှေ့ ပြောင်းသွားကြမည်ဆိုပါက အတ္တလန္တိတ်သမုဒ္ဒရာအတွင်း၌ ငါးကြီးဆီ ထုတ်ယူနိုင်သောငါးများ ဖမ်းဆီးရမိမှုမှာ လာမည့်ဆယ်စုနှစ် လေးစုခန့်အတွင်း ထက်ဝက်လျော့ကျသွားမည့် အလားအလာ ရှိနေသည်။ အပူပိုင်းနှင့်သမပိုင်းဒေသများမှ ငါးမျိုးစိတ် အများအပြားတို့က အအေးပိုင်းဒေသသို့ စားကျက်ရွှေ့ပြောင်းကြသည့်အခါ အာရှတိုက်၊ အာဖရိကတိုက်နှင့် တောင်အမေရိကတိုက်များရှိ နိုင်ငံပေါင်း ၃၀ ကျော်တို့၏ ငါးဖမ်းလုပ်ငန်းများအနေဖြင့် အကြီးအကျယ် ထိခိုက်ခံစားကြရဖွယ် ရှိနေကြသည်။

ကမ္ဘာ့အပူချိန်မြင့်တက်မှုဖြစ်စဉ်ကြီး ကာလရှည်ဖြစ်ပေါ်နေစဉ်အတွင်း အချို့သော အရပ်ဒေသများ၌ အအေးပိုမိုလွန်ကဲသော ဖြစ်ရပ်မျိုးကို ကြုံတွေ့ခဲ့ကြရသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလအတွင်းက မြောက်အမေရိကနှင့် ဥရောပနိုင်ငံများ၌ ပုံမှန်ထက်အအေးပိုခဲ့သဖြင့် ကမ္ဘာ့အပူချိန် မြင့်တက်နေသည်ဆိုခြင်းအပေါ် ဒွိဟဖြစ်စေခဲ့သည်။ အမှန်တကယ် အားဖြင့်မူ ထိုနိုင်ငံများ၌ အအေးပိုခဲ့ခြင်းမှာ ပစိဖိတ် သမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော ကာလတို လာနီညာ ဖြစ်စဉ်ကြောင့်သာလျှင်ဖြစ်ကြောင်း နောက်ပိုင်း၌ သိရှိ ခဲ့ကြသည်။

ကမ္ဘာ့အပူချိန် မြင့်တက်နေမှု၏ သရုပ်သကန် အဖြစ် ၂၀၀၃ ခုနှစ်အတွင်းက ဥရောပတိုက်တစ်ခွင်၌ မကြုံစဖူး မိုးခေါင်မှုဖြစ်ပေါ်ခြင်းနှင့် အပူလှိုင်းဖြတ်သန်းမှု ဖြစ်စဉ်များကို တွေ့ရှိနိုင်သည်။ လူပေါင်း ၃၀၀၀၀ ခန့် သေဆုံး ခဲ့ကြရသော ထိုဖြစ်စဉ်ကြီးသည် ရေသယံဇာတများကို လျော့နည်းစေခဲ့ပြီး ကောက်ပဲသီးနှံ အထွက်နှုန်းများကို သိသာစွာ လျော့ကျစေခဲ့ကာ ယူရို ၁၃ ဘီလီယံကျော် ဆုံးရှုံးစေခဲ့သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကလည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းသည် ကမ္ဘာ့အပူပြင်းဆုံးသော ကာလ ဖြစ်ပြီး ထိုကာလထဲ၌ပင် ၂၀၁၅ ခုနှစ်သည် အပူဆုံးနှစ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မျက်မှောက်ကာလ ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်နေမှု၏ ထင်ရှားသော ကြန်အင်လက္ခဏာများအဖြစ် ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်ကာလအတွင်း ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်၁၁ ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့ခြင်းကို တွေ့မြင်နိုင်သည်။

ထိရောက်စွာဟန့်တားရန် အထူးလိုအပ်ပြီ

ပျမ်းမျှအားဖြင့် ခြောက်နှစ်လျှင် တစ်ကြိမ်ခန့်သာ ဖြစ်ပေါ်လေ့ရှိသော အယ်လ်နီညိုဖြစ်စဉ်သည် နှစ်ပေါင်း ၂၀ အတွင်း ၁၁ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ခြင်းကို ထောက်ရှု၍ ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်နေမှုကို ချိန်ထိုးသိရှိနိုင်သည်။ မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပေါ် ခံစားခဲ့ရသော အယ်လ်နီညိုရာသီဥတုသည် ၂၀၁၅ ခုနှစ် အတွင်းက အီကွေတာနှင့် နီးကပ်သော အရှေ့ဗဟို အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရေပြင်၏ အပူချိန်သိသိသာသာ မြင့်တက်ခဲ့မှု၏ ဆက်စပ်ဆိုးကျိုးပင် ဖြစ်သည်။

၂၀၁၅ ခုနှစ်၏ အပူချိန်စံချိန်သစ်တင်သော သာဓက အချို့အဖြစ် အီရန်နိုင်ငံ၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်၊ ဂျော်ဒန်နိုင်ငံ၌ ၄၇ ဒီဂရီစင်တီဂရိတ်နှင့် အီဂျစ်နိုင်ငံ၌ ၄၇  ဒသမ ၆ ဒီဂရီ စင်တီဂရိတ်တို့ အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိနိုင်သည်။

သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံအားလုံးတို့အနေဖြင့် ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်ခြင်းကို ထိရောက်စွာ ဟန့်တားကြရန် အထူးလိုအပ်သည့် အားလျော်စွာကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်၊ ဟိုက်ဒရိုဖလူအိုရိုကာဗွန်၊ ပါဖလူအိုရိုကာဗွန်နှင့် ဆာလ်ဖာဟက်ဆာဖလူအိုရိုက် စသောဖန်လုံအိမ်  အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုကို လက်တွေ့ကျကျဖြင့် သိသိသာသာလျှော့ချကြရန် လိုအပ်နေပြီ ဖြစ်ပေသည်။ ။

မြန်မာ့အလင်း