ကမ္ဘာ့အသေးဆုံးကလေးငယ် အမေရိကန်နိုင်ငံမှာ အသက်ရှင်လျက်ရှိ 

၃၁ မေ 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ကမ္ဘာ့အသေးဆုံးကလေးငယ် အသက်ရှင်လျက်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့က Sharp Mary Birch အမျိုးသမီးနဲ့ မွေးကင်းစ ဆေးရုံက ထုတ်ပြန်ကြေညာပါတယ်။ 

 

mdn

 

ကမ္ဘာ့အသေးငယ်ဆုံးကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၄၀ မှ မွေးဖွားလေ့ရှိပေမယ့်  ကိုယ်ဝန်ဆောင်ချိန် ၂၃ ပတ်နဲ့ ၃ ရက်မှာ မိခင်ရဲ့ အသက်ကို အန္တရာယ်ရှိနိုင်တဲ့ ဗိုက်ခွဲမွေးဖွားခဲ့ကြောင်း သိရပါတယ်။  

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က မွေးဖွားခဲ့တဲ့ ကလေးငယ်ကို ဆေးရုံဝန်ထမ်းများက ဆေးဘီ လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြောင်း သိရပါတယ်။ မွေးကင်းစကလေးငယ်ကို ဆေးရုံရဲ့ အရေးပေါ်အခန်းမှာ ၅ လနီးပါး အနီးကပ်ကုသပေးပြီးနောက် ဆေးဘီ ကို မေလအတွင်းက ဆေးရုံက ဆင်းခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဆေးဘီ ဟာ မွေးကင်းစအရွယ်မှာ ၂၄၅ ဂရမ်သာ ရှိပြီး ဆေးရုံက ဆင်းချိန်မှာ ကိုယ်အလေးချိန် ၅ ပေါင်အထိ ရှိသွားပြီဖြစ်တဲ့အတွက်  ကျန်းမာတဲ့ ကလေးငယ်ဖြစ်သွားပြီလို့ သိရပါတယ်။  

 

ဆေးဘီ ဆေးကုသရာဆေးရုံက ဆေးဘီဟာ ထူးခြားတဲ့ကလေးဖြစ်တယ် ဆိုတာကတော့ သိပ်သေချာပါတယ်။ သူမမှာ ရဲရင့်တဲ့ စိတ်ဓါတ်ရှိပေမယ့် လမစေ့ဘဲ မွေးတဲ့ကလေးငယ်အနေနဲ့ ဦးနှောက်အတွင်း သွေးယိုမှုမျိုး၊ အဆုတ်နဲ့ နှလုံး တို့မှာလည်း ရောဂါမျိုး ရရှိနိုင်ကြောင်း ပြောပါတယ်။

 

mdn

 

 

ဆေးဘီ ဆေးကုသရာဆေးရုံက ထုတ်ပြန်တဲ့ ဆေးဘီအကြောင်း ဗီဒီယိုထဲမှာ ဆေးဘီရဲ့မိခင် က ကလေးမွေးဖွားတဲ့နေ့က သူ့ဘဝရဲ့ ကြောက်စရာအကောင်းဆုံးနေ့ ဖြစ်ပါတယ်။ သူ့မှာ ကိုယ်ဝန်သွေး အဆိပ်တက်ပြီး သွေးတိုးတဲ့အတွက် ကလေးနဲ့ မိခင်အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အဲဒီနေ့က ဆေရုံကို အမြန်သွားခဲ့ရကြောင်း ပြောပြထားပါတယ်။ 


MDN
ကိုးကား - AFP