ကျိုတို ၂၁ ဇန်နဝါရီ
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂရင်းနစ်စံချိန်တင်ထားသည့် အသက် ၁၁၃ နှစ်ရှိ ဂျပန်အဘိုးအို မာဆာဇိုနိုနာကာသည် ဇန်နဝါရီ ၂၀ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း ယမန်နေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ် အရသိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကမ္ဘာ့အသက်အကြီးဆုံးဂရင်းနစ်စံချိန်တင်ထားသည့် စပိန်နိုင်ငံသား ဖရန်စ္စကို နူနက်ဇ် အိုလီဗာရာ သေဆုံးခဲ့ပြီးနောက် အသက် ၁၁၃ နှစ်ရှိ ဂျပန်အဘိုးအို မာဆာဇိုနိုနာကာအား ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် လွန်ခဲ့သောနှစ် ဧပြီလက ဂရင်းနစ်စံချိန်တင် စာရင်းသွင်းထားခဲ့သည်။
နိုနာကာ ကို ၁၉၀၅ ခုနှစ် ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်ဒိုကျွန်းတွင် မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းတွင် နိုနာကာ အသက်ရှူရပ်သွားသည်ကို သူ၏ မိသားစုဝင်များက သတိပြုမိခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။ ထို့နောက် နိုနာကာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဆရာဝန်က အတည်ပြုပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်ထိတိုင် နိုနာကာသည် ကျန်းမာရေးကောင်းလျက်ရှိသည်ဟု မိသားစုဝင်များက ဆိုသည်။
နိုနာကာသည် ဟိုကိုင်ဒိုကျွန်းအရှေ့ဘက်ရှိ မီယာ ကန်တောင်ပေါ်တွင် ရေပူစမ်းအပန်းဖြေစခန်းတစ်ခုဖွင့်လှစ်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ကျရောက်သော နိုနာကာ၏ အသက် ၁၁၃ နှစ် မွေးနေ့ပွဲတွင် မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ မွေးနေ့ကိတ်ကို စားခဲ့ကြောင်းနှင့် ဂျပန်ဆူမိုနပမ်း သတ်ပွဲများကို တီဗွီတွင် ကြည့်ရသည်ကို လွန်စွာနှစ်ခြိုက်သူဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
နိုနာကာသည် မိသားစုအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရရှိခဲ့သည့်အတွက် အဘိုးဖြစ်သူနိုနာကာအား ကျေးဇူးအထူးတင်ရှိပါကြောင်း မြေးဖြစ်သူ ယုကိုက ဆိုသည်။
ထို့ပြင် အဘိုးနိုနာကာအား လွန်စွာ လွမ်းဆွတ်မိပါကြောင်းနှင့် အဘိုး၏နောက်ဆုံးအချိန်များကို မိသားစုနှင့်အတူတကွ နေထိုင်ခဲ့ရပြီး ဂုဏ်ရှိစွာ သေဆုံးခဲ့ရခြင်းအတွက် ဝမ်းသာမိပါသည်ဟု မြေးဖြစ်သူ ယုကိုကပြောကြားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ