နေပြည်တော် မတ် ၆
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော် လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ လူမှုအကျိုးပြု ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် (အမျိုးသား/အမျိုး သမီး) ဘောလုံးအသင်းမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစား သမားများ၊ အခြေခံပညာအထက် တန်းကျောင်းများမှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆောင်ရွက်ခဲ့သော Grassroots Football Festival လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံပေါင်း ၂၀၀ ကျော်ပါဝင်သည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ International Football Program တစ်ခုဖြစ်သည့် Football For Schools Program သည် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေး အတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက အထောက်အကူပေးနိုင်ပါကြောင်း။
ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို ပိုမိုမြှင့်တင်နိုင်စေရန် အားကစားကဏ္ဍသည် အရေးပါ သည်ဖြစ်၍ ယခုလို အားကစားလှုပ်ရှားဆောင်ရွက်နိုင်ရန် Football For Schools အစီအစဉ် များအရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပံ့ပိုးပေးအပ်သည့် Adidas အမှတ်တံဆိပ် ဘောလုံးများကို လှူဒါန်းပေးသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်နိုင်ငံလုံး တွင်ရှိသည့် ကျောင်းများတွင် Football For Schools အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယနေ့အခမ်းအနားသည် မြန်မာ့ဘောလုံး လောကကို မြှင့်တင်ပေးနိုင်ရန် အထောက်အကူပြုသည့် မင်္ဂလာရှိသောနေ့ ဖြစ်ပါကြောင်း၊ လူမှုမိသားစု ဘဝ ကိ များစွာမြှင့်တင်ပေးနိုင်ပြီး ဘောလုံးအားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်၍ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံနည်းစနစ်များကို သေသေချာချာ သင်ယူလေ့ကျင့်ပြီးမှ ကစားသွားရန် နှင့် ပညာလည်းတော်၊ အားကစားလည်းတော်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက Foot-ball For Schools အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဦးဇော်ဇော်တို့က Adidas အမှတ်တံဆိပ် ဘောလုံး ၄၂၇၆၀ ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ သွင်တို့ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ၏ အပျော်တမ်း Mini Football Game ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


