မန္တလေး ၁၀ ဒီဇင်ဘာ
ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်း အကြံပြုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ Pullman Mandalay Mingalar Hotel တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ၂၀၂၀ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့ဘဏ်အုပ်စုမှ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ လူသားအရင်းမြစ် ဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိက စီးပွားရေးတိုးတက်ရေး စသည့် နယ်ပယ်သုံးရပ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရကို ပံ့ပိုးလျက် ရှိကြောင်း လုပ်ငန်းအများစုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် ကမ္ဘာ့ဘဏ်အကူညီဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများ ရှိကြောင်း ပြောကြားပြီး ကမ္ဘာ့ဘဏ်အုပ်စု ကိုယ်စားလှယ် ဒေါ်မာမာက မိတ်ဆက်စကား ပြောကြားခြင်းနှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာအား တင်ပြကာ တက်ရောက် လာသူများက မေးမြန်းလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုခြင်းများ ပြုလုပ်ကြသည်။

“ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာက လာမယ့်လေးနှစ်အတွက် ရေးတာ ဖြစ်ပါတယ်။ ဒီလိုရေးဖို့အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ ကိုယ်တိုင်လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်ထားတာတွေအပေါ် အခြေခံပြီး ဘယ်လိုကဏ္ဍတွေမှာ ဆောင်ရွက်သွားမယ်ဆိုတဲ့ အဆိုပြုထားတာတွေ ရှိပါတယ်။ အဲဒါတွေအပေါ်မှာ သက်ဆိုင်သူတွေအနေနဲ့ ဘယ်လိုမျိုး အကြံပြုချင်လဲဆိုပြီး နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းဒေသကြီး အသီးသီး မှာရှိတဲ့ မြို့ကြီးတွေမှာ အကြံဉာဏ်ရယူတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်တာဖြစ်ပါတယ် ” ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံရုံး၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်းက ပြောသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို ရန်ကုန်၊နေပြည်တော်၊ ပုသိမ်၊ ရခိုင်တွင် ပြုလုပ်ခဲ့ပြီး တောင်ကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လာမည့်လေးနှစ်အတွက် မဟာဗျူဟာတွင် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်မှ ယူခွင့်ရှိသည့် ငွေကြေးပမာဏမှာ ၂ ဘီလီယံခန့်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
တင်ဇာလှိုင် (ပြန်/ဆက်)