ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟန်ချက်ညီမျှတမှု

၆  ဇူလိုင်

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာ၏ ဤပြောကြားချက်သည် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ် အကူအညီ အထောက်အပံ့ပေးမှုများ ရပ်ဆိုင်းတော့မည့်ပုံစံမျိုး ဝါဒဖြန့်မှုများကို ဖယ်ရှားရှင်းလင်းပေးလိုက်ပြီ ဖြစ်ပါသည်။

 

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် UNHCR/UNDP တို့အကြား ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များ အကောင်အထည်ဖော်ရာ၌ လည်းကောင်း၊ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရာ၌ လည်းကောင်း ပံ့ပိုးကူညီမည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ဤထုတ်ပြန်မှုသည် ကမ္ဘာ့ဘဏ်၏ ဟန်ချက်ညီမျှတသော ချဉ်းကပ်ပုံကို ထင်ဟပ်နေသကဲ့သို့ နိုင်ငံတော်အစိုးရက ချမှတ်ထားသည့်မူဝါဒတို့၏ လက်တွေ့ကျ မှန်ကန်မှုကိုလည်း ရည်ညွှန်းဖော်ပြနေပါသည်။

 

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာသည် ကမ္ဘာ့ဘဏ်က ချမှတ်ထားသော မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၈ရက်နေ့တွင် လာရောက်မည် ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဤကဲ့သို့ တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဆက်လက်ကူညီသွားမည့် အစီအစဉ်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်းကို ကမ္ဘာ့ဘဏ်က ရှင်းလင်းစွာထုတ်ဖော် ပြောကြားပြီး ဖြစ်ပါသည်။

 

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ၏ ရှင်းလင်း ပြောကြားချက်များသည်လည်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ဟန်ချက်ညီမျှတနေသည်ကို ထပ်လောင်းဖော်ပြနေပါသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေးတာဝန်ခံက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ရရှိခံစားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မြန်မာအစိုးရ၏ ဦးစားပေးဆောင်ရွက်ချက် များနှင့်အညီ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆို ခဲ့ပါသည်။ အဆိုပါ ပြန်ကြားရေးတာဝန်ခံ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသများရှိ လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ကမ္ဘာ့ဘဏ်၏ အထူးအလေးပေး ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ ပကတိလိုအပ်ချက်ကို ထင်ဟပ်ဖော်ဆောင်ပေးလျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ ဟန်ချက်ညီမျှတမှုအပေါ် ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း