နေပြည်တော် ၂၇ ဇွန်
မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍရှိ တောင်သူလယ်သမားများ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်နှင့် သီးနှံအမျိုးအစား ကွဲပြားစုံလင်စွာ စိုက်ပျိုးနိုင်ရန်၊ စျေးကွက်ချိတ်ဆက်နိုင်မှုများ ကောင်းမွန်ရန်အတွက် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဒါရိုက်တာဘုတ်အဖွဲ့က အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးအပ်ရန် ယနေ့ရက်စွဲဖြင့် အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့စျေးကွက်သို့ ၀င်ရောက်နိုင်စေရန်အတွက် ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်ခြင်းကြောင့် စမ်းသပ်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိစေခြင်းတို့တွင် ရင်းနှီးမြှုပ်နှံပေးရန်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောကြားသည်။ စီမံကိန်း၏ အကျိုးခံစားရမည့်သူအရေအတွက်ကို ၅၆၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းပြီး ယင်းတို့အတွင် အမျိုးသမီး ၂၂၀၀၀၀ ခန့်ပါ၀င်မည်ဟု ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
မြေယာအနည်းငယ်သာ လုပ်ကိုင်ပိုင်ဆိုင်နိုင်သည့် လယ်သမားများ၊ အမျိုးသမီးများနှင့် အခြားသောအားနည်းသည့် အုပ်စုများအားလုံးပါ၀င်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။
မြန်မာနိုင်ငံ၌ သားငါးစျေးများနှင့် တိရစ္ဆာန်အသားထုတ်လုပ်ရေးစက်ရုံများ ယာယီပိတ်ခြင်း၊ သွားလာမှုကန့်သတ်ခြင်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ် ရပ်တန့်သွားခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့်များ တင်းကြပ်လိုက်ခြင်းအပါအ၀င် ကိုဗစ်-၁၉ ကူးစက်မှုတားဆီးကာကွယ်ရေး နည်းလမ်းများကို ချမှတ်ကျင့်သုံးလိုက်ရခြင်းကြောင့် အခြားတစ်ဖက်တွင် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးစနစ်ကို အတားအဆီးများ ဖြစ်စေသည်။ ကုန်စည်ထောက်ပံ့ကွင်းဆက် အဟန့်အတားဖြစ်ခြင်းကြောင့် စျေးကွက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မွေးမြူရေးသမားများ၊ စီးပွားရေးလုပ်ငန်းငယ်များနှင့် အသားထုတ်လုပ်သူများအတွက် တိရစ္ဆာန်အစားအစာစရိတ်များ မြင့်တက်လာခဲ့သည်ကိုလည်း မြင်တွေ့ရသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် နိုင်ငံ့လူဉီးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါး၏ အသက်မွေး၀မ်းကြောင်းလုပ်ငန်းဖြစ်သြဖင့် နိုင်ငံ့ဂျီဒီပီနှင့် ကုန်သွယ်ပို့ကုန်များ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိသည်။ ကျေးလက်ဒေသတွင် နေထိုင်သူမိသားစုများ၏ မိသားစုဝင်တစ်ဉီး သို့မဟုတ် တစ်ဉီးထက်ပိုသည့် သူများအဓိက လုပ်ကိုင်သည့်ကဏ္ဍလည်းဖြစ်ခြင်းကြောင့် ကျေးလက်လူဉီးရေ၏ ၈၅ ရာခိုင်နှုန်း၏ အလုပ်အကိုင်ပေးအပ်ရာ ကဏ္ဍတစ်ရပ်လည်းဖြစ်သည်။
ယခုအတည်ပြုလိုက်သည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းသည် မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ လျော့ပါးသက်သာစေရန်နှင့် မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်မှုကို အထောက်အကူဖြစ်စေရန်နှင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးစီမံချက်ကို အထောက်အပံ့ဖြစ်ရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရသည်။
အဆိုပါစီမံချက်သည် စိုက်ပျိုးမွေးမြူရေးသွင်းအားစုများ၏ အရည်အသွေးနှင့် အသုံးချမှုကို တိုးတက်စေခြင်း၊ ဆင်းရဲသောအိမ်ထောင်စုများနှင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ဆုံးရှုံးပြီး နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် လုပ်အားခရရှိစေရန် အလုပ်အကိုင်များ ဖန်တီပေးခြင်းဖြင့် လယ်သမားများအတွက် ၀င်ငွေရရှိစေရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါစီမံကိန်းတွင် လူမှုကွန်ရက်မီဒီယာနှင့် အခြားနည်းလမ်းများအသုံးပြုကာ ပြည်သူအား ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဖြန့်ဖြူးခြင်းတွင်လည်း အထောက်အကူပြုရန် ရည်ရွယ်ထားသည်။
ယခုစီမံကိန်းတွင် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးထိပါးစေနိုင်သည့် အန္တရာယ်များအား အသိပညာပေးနိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးမွေးမြူရေး ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်။ ဒစ်ဂျစ်တယ် နည်းပညာအခြေပြု စိုက်ပျိုးမွေးမြူရေးနည်းပညာ အားကောင်းစေရန်၊ စိုက်ပျိုးမွေးမြူရေးကုန်ပစ္စည်းများ ရောင်း၀ယ်ဖောက်ကားရာနှင့် ငွေပေးငွေယူကိစ္စရပ်များ ဆောင်ရွက်ရာတွင် အွန်လိုင်းအသုံးပြုကာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဖော်ထုတ်မြှင့်တင်သွားရန်၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစား ကွဲပြားစုံလင်ရန်၊ စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးရေးစနစ်များ တိုးမြှင့်စေခြင်းဖြင့် လယ်သမားများအား စျေးကွက်ချိတ်ဆက်နိုင်စေရန် စသည်တို့တွင် အဓိကကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ရတနာ


