ရန်ကုန်  ၉  အောက်တိုဘာ

 

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)အနေဖြင့်  မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE) များကို ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း WFP မှ သိရသည်။

 

အဆိုပါ တစ်ကိုယ်ရည်ကာကွယ်ရေး ဝတ်စုံပြည့် (PPE)များကို WFP မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လက်ခံရယူခဲ့သည်။

 

WFP အနေဖြင့် အဆိုပါ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ (PPE) များကို ဥရောပသမဂ္ဂ၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် ဝယ်ယူလှူဒါန်းခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများ အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့လှူဒါန်းမှုနှင့် စပ်လျဉ်း၍ WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က “ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ လုံခြုံကျန်းမာမှ ကျွန်တော်တို့တွေအားလုံးလည်း ကျန်းကျန်းမာမာ နေထိုင်နိုင်မှာပါ။ သူတို့ဟာ အခုလက်ရှိ ရန်ကုန်မှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို မနားမနေ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဒီတိုက်ပွဲကို သူတို့အနိုင်ယူအဆုံးသတ်နိုင်ဖို့ အခုလှူဒါန်းလိုက်တဲ့ PPE တွေက အကူအညီဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

 

အလားတူ WFP အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖောင်ကြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ငွေကျပ်သန်း ၂၀ တန်ဖိုးရှိ တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE)  များနှင့် ပိုးမွှားသန့်စင်ရေးပစ္စည်းများကို စက်တင်ဘာ ၂၀ ရက်တွင် ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် WFP အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁)ခုရှိ အသွားအလာကန့်သတ်ရေး စင်တာများတွင် ထမင်းနှင့် ဟင်းလျာများ ထောက်ပံ့ကျွေးမွေးလျက်ရှိကြောင်း၊ မေလ အစောပိုင်းမှစတင်ကာ ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့တို့ကို ချိတ်ဆက်၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လေကြောင်းခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး