နေပြည်တော် ၈ ဇူလိုင်

 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ ထောက်ပံ့သော ဆန်နှင့် စားသောက်ဖွယ်ရာများ ယမန်နေ့က ပလက်ဝမြို့သို့ ရောက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်တွင် WFP မှ ပလက်ဝတာဝန်ခံ ဦးခင်မောင်ကြည် ဦးဆောင်သောအဖွဲ့သည် ၆ ဘီးယာဉ် ၁၄ စီးဖြင့် ဆန် ၁၄၆၅ အိတ်၊ ဆီ ၃၆၀ ဖာ၊ ပဲအိတ် ၃၆၀၊ ဆား ၁၅ အိတ်နှင့် အာဟာရအမှုန့် ၅၂ ဖာတို့အား  တင်ဆောင်လျက် ဇူလိုင် ၆ ရက်တွင် ဆမီးမြို့မှ ထွက်ခွာလာရာ ရက်ဒိန်ရွာတွင် ညအိပ်ရပ်နား၍ နောက်တစ်နေ့ ဇူလိုင် ၇ ရက်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းထောက်ပံ့ပစ္စည်းများကို တိုက်ပွဲရှောင်စာရင်းဝင်များအား ထောက်ပံ့နိုင်ရေးအတွက် ပလက်ဝမြို့ရှိ အားကစားခန်းမတွင် ခေတ္တသိုလှောင်ထားကာ ထောက်ပံ့ပစ္စည်းများ နောက်ထပ်တစ်ကြိမ် ရောက်ရှိမှသာ ပူးပေါင်းဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ WFP သည် ဆန်အိတ် ၂၀၀၀ နှင့် အသုံးအဆောင်ပစ္စည်းများအား ဧပြီ ၂၈ ရက်တွင် တပ်မတော်မှ လုံခြုံရေးဆောင်ရွက်ပေးမှုဖြင့် ပထမအကြိမ် ပလက်ဝမြို့သို့ ပေးပို့လှူဒါန်းပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ပလက်ဝမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် တပ်မတော်မှ မတ် ၁၄ ရက်တွင် ဆန်အိတ် ၁၀၀ နှင့် မတ် ၁၅ ရက်တွင် ဆန်အိတ် ၁၀၀ အား လည်းကောင်း၊ ဇွန် ၃ ရက်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက ဇွန် ၂၁ ရက်တွင် ဆန် ၃၅၂၈ အိတ်၊ ပဲ ၈၃ အိတ်၊ ဆား ၁၀၂ အိတ်၊ ဆီ ၂၅ ပေပါ၊ ကြက်သွန်နီ ၂၁ အိတ် နှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား လည်းကောင်း ပို့ဆောင်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 

 

သတင်းစဉ်