နေပြည်တော် အောက်တိုဘာ ၁၆

 

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သံတမန်များ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊   ဗဟိုသမဝါယမအသင်းလီမိတက်၊ လယ်ယာကုန်ထုတ်နှင့် ကုန်သွယ်မှုသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြ သည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်သဝဏ်လွှာကို  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဖတ်ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် အောက်တိုဘာ (၁၆) ရက်နေ့ ကျရောက်တိုင်း လူသားတို့အတွက် စားနပ်ရိက္ခာ၏အရေးပါမှုကို သတိမူမိကြစေရန်  “ကမ္ဘာ့စားနပ် ရိက္ခာနေ့ (World Food Day)” အဖြစ် သတ်မှတ် ကျင်းပကြလျက်ရှိရာ ယခုနှစ်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၇၆)ကြိမ်မြောက် အထိမ်းအမှတ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကျင်းပမှု (၄၁) နှစ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကျင်းပရာတွင် နှစ်စဉ်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။

 

ယခု ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) ဆောင်ပုဒ်ဖြစ် သည့် “Our Actions are our future. Better production, better nutrition, a better environment and a better life.)  “Our Actions are our future. Better production, better nutrition, a better environment and a better life.” “ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏အနာဂတ်၊ ပိုမိုကောင်းမွန်သောထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝ ပတ်ဝန်း ကျင်နှင့် လူနေမှုဘဝ” ဆိုသည့် “ကောင်း (၄) ကောင်း” (Four Betters) နှင့်အညီ စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်များကို ပြောင်းလဲဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးတာဝန် ဖြစ်ကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုကို ကြုံတွေ့ခံစားနေရပါကြောင်း။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား၍ အသွားအလာကန့်သတ်မှုကြောင့်  ထောက်ပံ့မှုလမ်းကြောင်းများ ထိခိုက်ခြင်း၊ သွင်းအားစု ပစ္စည်းများရရှိမှု မလုံလောက်ခြင်း စသည့် အခက်အခဲများကြားမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြသည့် တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမွေးမြူသူ တောင်သူ လယ်သမားကြီးများ၏ လယ်ယာစီးပွားလုပ်ငန်းရှင် စိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း။

 

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများရှိသော်လည်း မြန်မာ့ လယ်ယာကဏ္ဍတွင် လယ်ယာသားငါးကုန်ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုကို အရှိန်မပျက်ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရပါကြောင်း။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆန်မက်ထရစ်တန် ၂ ဒသမ ၅၈ သန်း၊ ပဲမျိုးစုံ မက်ထရစ်တန် ၁ ဒသမ ၆ သန်း၊ ပြောင်း မက်ထရစ်တန် ၂ ဒသမ ၂ သန်း၊ နှမ်း မက်ထရစ်တန် သုည ဒသမ ၁၇ သန်း၊ ရေထွက်ပစ္စည်း မက်ထရစ်တန် သုည ဒသမ ၆၇ သန်းကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ပိုးပေးလျက်ရှိပါကြောင်း။    

 

“ရေရှည်တည်တံ့ခိုင်မြဲသော စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်” တွင် အဓိက ပါဝင်ဆောင်ရွက်သူများဖြစ်ကြသည့် တောင်သူလယ်သမားများအတွက် ဈေးကွက်ရရှိနိုင်မှု၊ လယ်ယာထုတ်ကုန်များ ထုတ်လုပ်မှုစွမ်းအားနှင့် အရည် အသွေးမြင့်မားရေးအတွက် နည်းပညာလိုအပ်မှု၊ ငွေကြေးအရင်းအနှီးလိုအပ်မှုစသည့် လိုအပ်ချက်ကြီး (၃)ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ပံ့ပိုးပေးလျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်ရန် အရင်းအမြစ်ကောင်းများဖြစ်သော စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာများ၊ သဘာဝမြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ခေတ်အဆက်ဆက်က ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံ၍ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝသစ်တောထွက်ကုန်များကို တင်ပို့ ရောင်းချနိုင်ခဲ့ခြင်းကြောင့် စားနပ်ရိက္ခာပင် မထုတ်လုပ်သည့်နိုင်ငံအဖြစ် အစဉ်အလာရှိသည့် နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အစိုးရကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စားနပ်ရိက္ခာ ဖူလုံရေး၊ လူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေးနှင့် ဒေသအချင်းချင်းကြား၊ ဆင်းရဲချမ်းသာကွာဟမှု ကျဉ်မြောင်း ရေးကို အလေးထားသည့်မူဝါဒကို ကျင့်သုံးလျက်ရှိရာ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်သည် မိမိတို့ ကျင့်သုံးလျက်ရှိသည့် မူဝါဒနှင့်လည်း လျော်ညီသည့်အတွက် ပိုမိုကောင်းမွန်သောထုတ်လုပ်မှု၊ ပိုမိုကောင်းမွန် သော အာဟာရ၊ ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝများရရှိ လာအောင် လက်တွဲကြိုးပမ်းကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွန်ကြားရေးမှူးချုပ်၏ World Food Day 2021 Video Message နှင့် စားနပ်ရိက္ခာနှင့် အာဟာရဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုတို့ကိုပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)