နေပြည်တော် ၁၅ မတ်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဉီးစီးဌာနက ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးတွင် ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဉီးအေးမောင်စိန်က စားသုံးသူများဆိုသည်မှာ ပြည်သူများအပြင် ထုတ်လုပ်သူများပါ ပါဝင်ကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်း၊ အသုံးအဆောင်တစ်ခုကို စားသုံးသူများကဝယ်ယူပြီး သုံးစွဲတဲ့အခါ အရည်အသွေးပြည့်မီကောင်းမွန်တဲ့ ပစ္စည်းများရဖို့ အရေးကြီးသလို မှန်မှန်ကန်ကန်ဖြစ်ဖို့လည်း အရေးကြီးကြောင်း၊ ဒါကြောင့် စားသုံးသူရေးရာဉီးစီးဌာနမှ ချမှတ်ထားတဲ့ စားသုံးသူရေးရာ ဉပဒေအရ စားသုံးသူများမှာ နစ်နာမှုမရှိရလေအောင် အသိပညာဗဟုသုတများ တိုးပွားရအောင် နည်းပေါင်းစုံဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် စားသုံးသူရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးဆွေတင့်ကြူး (စားသုံးသူရေးရာဌာနခွဲ) က စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နေပြည်တော် သောက်ရေသန့် လုပ်ငန်းရှင်များအသင်ဥက္ကဋ္ဌ ဉီးဇော်ဝင်းမှ စားသုံးသူများ၊ လုပ်ငန်းရှင်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအား  ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော် စားသုံးသူရေးရာဉီးစီးဌာန ဉီးစီးမှူးနှင့် ဝန်ထမ်းများက စားသုံးသူရေးရာ ပညာပေးလက်ကမ်းစာစောင်များကို အာဟာရသုခဈေးအတွင်း ဖြန့်ဝေပေးကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)