နေပြည်တော် မတ် ၁၅

 

၂၀၂၄ ခုနှစ်၊ မတ် ၁၅ ရက်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဒုတိယဝန်ကြီး ဦးမင်းမင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်‌ ရောက်ကြသည်။

 

ဦးစွာကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  အခမ်းအနားသို့တက်ရောက်လာ ကြသူများနှင့်အတူ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် အခမ်းအနားကို  ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ရုပ်သံမှတ်တမ်း၊ စားသုံးသူတိုင်ကြားမှုအပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းသရုပ်ဖော် အစီအစဉ်တင်ဆက်မှုနှင့် စားသုံးသူရေးရာဦးစီးဌာန အထိမ်းအမှတ်တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သော ဆောင်းပါးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ကြပြီး သီဆိုဖျော်ဖြေတင် ဆက်သူများကို အမှတ်တရ လက်ဆောင်များပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)