မေယု-မျိုးအောင်

 

၁၉၄၅     ခုနှစ်     ဩဂုတ်လ  ၆  ရက်နေ့ က    ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်က အဏုမြူဗုံးတစ်လုံး ကြဲချခဲ့ရာ ထိုနေ့သည် သမိုင်းတစ်လျှောက် လူအသေအပျောက် အများဆုံးနေ့ဖြစ်ခဲ့သည်။ နောက်သုံးရက်အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့သို့ ဒုတိယမြောက် အဏုမြူဗုံးတစ်လုံးကို ထပ်မံ ကြဲချခဲ့ပြန်သည်။ ထိုစဉ်က ကြဲချခဲ့သော အဏုမြူဗုံးကြောင့် လူပေါင်း ၁၂၉၀၀၀ မှ ၂၂၆၀၀၀ အကြား  သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ထိုမြို့များရှိ အဆောက်အအုံပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်  ပျက်စီးခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူ အများအပြားသည်လည်း အဏုမြူရောင်ခြည်သင့်မှုကြောင့် နောက်ဆက်တွဲ ရောဂါဝေဒနာများကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီသည် လက်နက်ချခဲ့ပြီးဖြစ်သော်လည်း ဂျပန်က လက်နက်ချရန် ငြင်းဆန်နေသဖြင့် စစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်က အဏုမြူဗုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။ ရွေးချယ်စရာမရှိသော ဂျပန်သည် ဩဂုတ် ၁၅ ရက်တွင် မဟာမိတ်များထံ လက်နက်ချခဲ့ရသည်။ လက်နက်ချအခမ်းအနားကို စက်တင်ဘာ ၂ ရက်တွင် တိုကျိုပင်လယ်အော်၌ လက်မှတ်ရေးထိုးခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့သည်။ အမေရိကန်သည် ဂျပန်ကို အဏုမြူဗုံးဖြင့် အနိုင်ယူခဲ့သော်လည်း အရပ်သားများအပေါ် ပစ်မှတ်ထားမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

 

ကုလသမဂ္ဂက နျူကလီးယား လက်နက် မပြန့်ပွားရေး အစီအစဉ်များ လုပ်ဆောင်ခဲ့

 

လွန်ခဲ့သောနှစ်ပေါင်း ၇၈ နှစ်က ဖြစ်ပွားခဲ့သော ဟီရိုရှီးမား၏ ကြေကွဲဖွယ် အနိဋ္ဌာရုံများသည် စစ်ပွဲများ၏ ဆိုးကျိုး ကို အမှတ်ရစေပြီး စစ်ဆန့်ကျင်ရေး အဏုမြူလက်နက်ကင်းစင်သည့် ကမ္ဘာ ကြီးဖြစ်လာစေရေးအတွက် တွန်းအားဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အဆိုပါဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်မံ မပေါ်ပေါက် စေရေးအတွက် နိုင်ငံအသီးသီးက နျူကလီးယားလက်နက် ထိန်းချုပ်ကန့်သတ်ရေး၊ လျှော့ချရေး၊ ဖျက်သိမ်းရေး၊ အဏုမြူဗုံးစမ်းသပ်ဖောက်ခွဲမှုများ မပြုလုပ်ရေးတို့အတွက် တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။ ကုလသမဂ္ဂက နျူကလီး ယားလက်နက် မပြန့်ပွားရေးဆိုင်ရာ အစီအစဉ်များကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ အင်အားကြီးနိုင်ငံ များ၏ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး အပြိုင်အဆိုင်ကြိုးပမ်းမှုများ ကြောင့် အောင်မြင်မှုများနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

 

ကမ္ဘာကြီးသည် လက်ရှိတွင် စစ်အေးကာလနောက်ပိုင်း နျူကလီးယား လက်နက်များ အသုံးပြုလာနိုင်သည့် အမြင့်ဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုများသည်လည်း ဆယ်စုနှစ်များအတွင်း ပို၍ကြီးထွားလာသည်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ကြီး (SIPRI) ၏ ခန့်မှန်း ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသောနိုင်ငံများရှိ နျူကလီးယားထိပ်ဖူး အရေအတွက် စုစုပေါင်းသည် ၁၂၅၁၂ ခု အထိရှိနေသည်။ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့သော ချာနိုဘိုင်းနျူကလီးယား မတော်တဆမှုဖြစ်မှုသည်ပင်လျှင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့၌ ကြဲချခဲ့သော ဗုံးများ၏ ရောင်ခြည်ဖြာထွက်မှုထက် အဆ ၁ဝဝ အထိရှိခဲ့ရာ ခေတ်သစ်နျူကလီးယား လက်နက်များ၏ အဖျက်စွမ်းအားများသည်ကား ဆိုဖွယ်ရာမရှိတော့ပြီ ဖြစ်သည်။

 

တစ်နိုင်ငံနှင့်တစ်နိုင်ငံ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး တောင့်တလာ

 

စစ်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ ကြွယ်ဝမှုနှင့် အရင်းအမြစ်များကို ဆုတ်ယုတ်စေရုံသာမက လူ့အသက်များကို လုယူခဲ့ကြသည်။ ဟီရိုရှီးမား၏ ကြောက်မက်ဖွယ်ကောင်းသော သင်ခန်းစာများသည် ယနေ့အထိတိုင် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် နှစ်ဆယ်ရာစု၏ ပထမ နှစ်ဝက်အတွင်း ကြီးမားကျယ်ပြန့်သည့် စစ်ကြီးနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ် သည် ၁၉၁၉ ခုနှစ်တွင် ပြီးဆုံး၍ ၁၉၃၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာ စစ်သည် ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးခဲ့ရာ နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း စစ်မက်ဖြစ်ပွားချိန် ၁၀ နှစ်ကျော် ကြာမြင့်ခဲ့သည်။ စစ်ပွဲကာလအတွင်း လူသန်း ပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။ ကမ္ဘာကြီးတွင် ကမ္ဘာစစ်များ ထပ်မံ ဖြစ်ပွားမှုမရှိစေရေးနှင့် စစ်မက်ဖြစ်ပွားလာမည့် အန္တရာယ်များကို ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးက ဝိုင်းဝန်းတားဆီးနိုင်ရန် စဉ်းစားလာကြရသည်။ နိုင်ငံတိုင်း ကြီးငယ်မဟူ တန်းတူရည်တူရှိခွင့်ကို လေးစားရန်နှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်ရန်စမှုမရှိဘဲ လုံခြုံအေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို တောင့်တ လာကြသည်။

 

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ကုလသမဂ္ဂစာချုပ်အား လက်မှတ်ထိုး၍ ကုလသမဂ္ဂအဖွဲ့ကြီးကို ထူထောင်ခဲ့ကြရာ အောက်တိုဘာ ၂၄ ရက်တွင် သက်တမ်းအားဖြင့် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးသည် ယနေ့ကာလတွင် ရည်မှန်းချက် လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရသည်။ ကမ္ဘာစစ်ကြီးအဆင့်သို့ မရောက်ရှိသေးသော်လည်း နေရာအနှံ့ဖြစ်ပွားနေသော ဒေသဆိုင်ရာစစ်ပွဲများ၊ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုများကို လက်ပိုက်ကြည့်နေရသည်။ နိုင်ငံတကာအကြမ်းဖက် တိုက်ခိုက်မှုများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ ရွှေ့ပြောင်းဒုက္ခသည်များအရေးကို မနိုင်မနင်း ဖြေရှင်းနေရသည်။ အင်အားကြီးနိုင်ငံ အချို့၏ နိုင်ငံရေးဩဇာထူထောင်မှု၊ လွှမ်းမိုးမှု၊ နိုင်ငံရေးဘက်လိုက်မှုများ ရှိနေကြောင်း ဝေဖန်ခံနေရသည်။ နိုင်ငံ များအကြား ပထဝီနိုင်ငံရေးအရ အားပြိုင်မှုများ၊ တင်းမာမှုများ ကြီးကြီးမားမား ဖြစ်ပေါ်နေသည်ဖြစ်ရာ အဆိုပါအချက် များက ကုလသမဂ္ဂအဖွဲ့ကြီး၏ ရှေ့ခရီး အတွက် ရတက်မအေးစရာဖြစ်သည်။

 

မျက်မှောက်ကာလတွင် ဖြစ်ပွားနေသော ယူကရိန်း-ရုရှားအရေးကို မူလကရေတိုစစ်ပွဲဟုသာ ရှုမြင်ကြသော်လည်း ယခုအခါ ရေရှည်စစ်ပွဲအသွင်ဆောင်လာသည်။ လတ်တလောဖြစ်ပွားနေသော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ဒေသအတွင်း စစ်မီးများ ကျယ်ပြန့်လာနိုင်သည့် အနေ အထားသို့ ရောက်ရှိနေသည်။ ကုလသမဂ္ဂ အနေဖြင့် တားဆီးနိုင်စွမ်းမရှိ ဖြစ်နေရသည်။ လူအင်အား၊ လက်နက်အင်အား ကြီးမားသည့် နိုင်ငံအချို့၏ ထင်ရာစိုင်း လုပ်ဆောင်နေမှုများကို တွေ့မြင်နေရသည်။ ရည်ရွယ်ချက်တူ နိုင်ငံများအုပ်စု ဖွဲ့မှု၊ မဟာမိတ်ဖွဲ့မှု၊ လက်နက်အပြိုင် တပ်ဆင်မှု၊ ပထဝီနိုင်ငံရေးအရ အားပြိုင်မှုနှင့် စစ်အသုံးစရိတ်များကို ပိုမိုချဲ့ထွင်လာမှုများ ကြီးထွားနေသည်။ ပထမကမ္ဘာစစ် ပြီးဆုံးချိန်က တည်ဆောက်ခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီး ပြိုကွဲရခြင်း၏ အကြောင်းရင်းခံများနှင့် ထပ်တူ နီးပါးဖြစ်နေသည်ကို သတိပြုကြရမည် ဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းက ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အစ္စရေး၌ လူ ၁၄၀၀ ကျော်သေဆုံးပြီး ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူ ၂၀၀၀၀ ကျော် သေဆုံးခဲ့သည်။ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ပဋိပက္ခ အသီးသီးအနက် အချိန်တိုအတွင်း လူအသေအပျောက် အများဆုံး စစ်ပွဲ ဖြစ်သည်။

 

စစ်ဟူသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ အုပ်စုတစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လက်နက်စွဲကိုင်၍ တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက စစ်ကိုနိုင်ငံရေးရည်ရွယ်ချက်အပေါ်၌ အခြေပြုသော ပဋိပက္ခမျိုးဖြစ်ခြင်း၊ အဓမ္မအင်အား၊ စစ်လက်နက်အင်အားကို အသုံးချကာ တိုက်ခိုက်ကြသော ရန်ဘက်အုပ်စု သို့မဟုတ် ရန်ဘက်နိုင်ငံများဖြစ်ခြင်း၊ အရွယ်ပမာဏအားဖြင့်လည်း အများက နိုင်ငံရေး အုပ်စုတစ်စုဟု သတ်မှတ်နိုင်လောက်သည့် အုပ်စု သို့မဟုတ် နိုင်ငံများ၊ ထိုပဋိပက္ခသည် အချိန်အားဖြင့် အတန်ကြာကြာ ဆက်လက် ဖြစ်ရခြင်း စသည်ဖြင့် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။

 

ဒုတိယကမ္ဘာစစ်သည် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့အင်အားကြီး မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများက မဟာမိတ်နှစ်ဖွဲ့ အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြခြင်းဖြစ်သည်။ စစ်သည်ဦးရေ သန်း ၁၀၀ ကျော် ပါဝင် တိုက်ခိုက်ကြပြီး လူပေါင်းသန်း ၇၀ နီးပါး သေကျေပျက်စီးခဲ့သည်။ ဒေါ်လာသန်းပေါင်း တစ်သန်းခန့်မျှ ကုန်ကျခဲ့သော စစ်စရိတ်အကြီးဆုံး စစ်ပွဲဖြစ်ကြောင်း သမိုင်း မှတ်တမ်းများက ဖော်ပြကြသည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ နည်းပညာများလည်း အံ့မခန်းထွန်းကားလာသည်။ ခေတ်မီစစ်လက်နက်များ၊ စစ်တပ်အင်အားများလည်း အဆမတန်များပြား လာသည်။ နိုင်ငံများ အုပ်စုဖွဲ့မှု၊ လက်နက် အပြိုင်အဆိုင်တပ်ဆင်မှု၊ စစ်လက်နက်များ ခေတ်မီ ဆန်းပြားလာမှုတို့သည် အတိတ်ကာလကကဲ့သို့ စစ်ပွဲကြီးများ ထပ်မံဖြစ်ပွားပါက လူအများသေကျေ ပျက်စီး မှုမှာ မတွေးဝံ့လောက်အောင်ပင် ဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ အမျိုးသား အကျိုးစီးပွားကာကွယ်ရေး မူဝါဒများ ရှေ့တန်းရောက်နေမှု၊ ပြဿနာတစ်ရပ်ကို လက်နက်ကိုင်တိုက်ပွဲဖြင့် ဖြေရှင်းရန် စိတ်အား ထက်သန်နေမှု၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းတစ်ခုခုကို အကြမ်းဖက် တိုက်ခိုက်မှုဖြင့်သာ ချေမှုန်းလိုမှုများ တည်ရှိနေသမျှ ကာလပတ်လုံး ကမ္ဘာကြီး၌ စစ်ပွဲများ တိုးပွားနေဦးမည်သာ ဖြစ်သည်။ လူ့သမိုင်း တစ်လျှောက်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများသည် မုဆိုးမများ၊ မိဘမဲ့များ၊ ဒုက္ခိတများ၊ အကြွေးများနှင့် ဆင်းရဲမွဲတေမှုများကို သာ ဆိုးမွေအဖြစ် ချန်ရစ်ခဲ့ကြသည်။ လူမှုအသိုင်းအဝိုင်း နှင့် မိသားစုများကို ပျက်စီးစေပြီး စစ်မက်ဖြစ်ပွားရာ နိုင်ငံများ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားလုံးကို ဖျက်ဆီးပစ်သည်။

 

ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခြင်း၊ လူမှုအသိုင်းအဝိုင်းများ ပြိုကွဲခြင်း၊ စစ်ပြေးဒုက္ခသည် များပြားလာခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အခြေခံအဆောက် အအုံများ ဖျက်ဆီးခံရသဖြင့် စီးပွားရေး ကဏ္ဍတစ်ခုလုံး ပြိုဆင်းခြင်း၊ ငွေကြေးဖောင်းပွမှုတိုးလာခြင်း စသည်ဖြင့် လူမှုစီးပွားဘဝ တစ်ခုလုံးအပေါ် သက်ရောက်မှုရှိသဖြင့် စစ်ပွဲ၏ပမာဏ ကျယ်ပြန့်လေ နိုင်ငံသားများ၏ ဆင်းရဲ မွဲတေမှုကြီးမားလေဖြစ်သည်။

 

ကမ္ဘာပေါ်တွင် ၂၀ ရာစု၏ ပထမ နှစ်ဝက်၌ ကမ္ဘာစစ်ကြီးနှစ်ခုကဲ့သို့သော ကြီးမားသည့် စစ်ပွဲများမှ လွတ်မြောက်ခဲ့သော်လည်း ကလေးများသည် ဒေသဆိုင်ရာပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော ဝန်ထုပ်ဝန်ပိုးများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့်စစ်ပွဲများအနက် ယူကရိန်းနှင့် ရုရှားပဋိပက္ခသည် မိဘမဲ့ကလေး သိန်းပေါင်းများစွာကို မွေးဖွားပေးနေသော စစ်ပွဲဖြစ်သည်။ မကြာမီက စတင် ဖြစ်ပွားခဲ့သော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် အချိန်တိုအတွင်း ကလေးငယ်ပေါင်း ၂၀၀၀ ကျော်ကို အသက်ဆုံးရှုံး စေခဲ့သည်။ ၁၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ကလေးငယ်များစွာကို မိဘမဲ့ ဘဝသို့ တွန်းပို့ခဲ့သည်။

 

မိဘများဆုံးရှုံးရမှုသည် လူ့ဘဝတွင် ခက်ခဲသည့်ကိစ္စဖြစ်သော်လည်း စစ်ပွဲများအတွင်း မိဘဆုံးရှုံးနိုင်မှုမှာ အလွန် လွယ်ကူသည်။ အာဖဂန်နစ္စတန်စစ်ပွဲ သည် ကလေးငယ်များကို အပြင်းထန်ဆုံး ထိခိုက်စေခဲ့သည်။ အာဖဂန်နစ္စတန်တွင် စစ်ပွဲ စတင်ဖြစ်ပွားချိန်မှစ၍ နှစ် ၂၀ အတွင်း ကလေးငယ် ၃၃၀၀၀ နီးပါး သေဆုံးခဲ့သည်။ ငါးနာရီလျှင် ပျမ်းမျှ ကလေးတစ်ဦးကို ကိုယ်လက်အင်္ဂါချို့တဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း Save the Children က ဆိုသည်။ ကမ္ဘာအရပ်ရပ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၌ အရပ်သားပစ်မှတ်များ ဆက်တိုက် များပြားလာမှုနှင့်အတူ မိဘမဲ့ဖြစ်သွားရသည့် ကလေး သူငယ်များမှာလည်း အချိုးအစား မြင့်မားလျက်ရှိသည်။ UNICEF ၏ မှတ်တမ်းများက ပဋိပက္ခဒဏ်ခံရသော နိုင်ငံများတွင် ကလေးငယ် သန်း ၂၅၀ ကျော် နေထိုင်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်လေးဦးတွင် တစ်ဦးသည် ပဋိပက္ခ သို့မဟုတ် သဘာဝ ဘေးအန္တရာယ်ဇုန်တွင် နေထိုင်ကြသည်။ ယခုအခါ မိဘမဲ့ကလေးပေါင်း ခန့်မှန်း ခြေအားဖြင့် ၁၅၃ သန်းသို့ ရောက်ရှိခဲ့ပြီ ဟု ဆိုသည်။

 

စစ်ပွဲနှင့် ပဋိပက္ခများတွင် အချိန် မတန်မီ မိဘများ ဆုံးရှုံးခဲ့ရသော ကလေးများအနက် အချို့သည် မိဘမဲ့ဂေဟာ များသို့ ရောက်ရှိသွားကြသော်လည်း အချို့မှာ ကျန်ရစ်သူမိသားစုဝင်တစ်ဦးနှင့်အတူ နေထိုင်ရခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ဆိုးရွားသောရောဂါဘယ များစွဲကပ်ခြင်း စသောအခြေအနေမျိုးဖြင့် ရင်ဆိုင်ရလေ့ရှိသည်။ စစ်ပွဲကာလအတွင်း မိသားစုမှစွန့်ပစ်ခံခဲ့ရသော ကလေးများသည် ၎င်းတို့အား စောင့်ရှောက်ပေးမည့်သူ မရှိသဖြင့် အဆင်းရဲ ဆုံး စစ်ဘေးဒုက္ခသည်များ ဘဝဖြင့် ရင်ဆိုင်ရလေ့ရှိသည်။ အဆိုပါကလေးများသည် လူကုန်ကူးမှု၊ ကလေးလုပ်သား အဖြစ်အဓမ္မခိုင်းစေမှု၊ အကြမ်းဖက်ခံရမှု၊ အလွဲသုံးစားပြုမှု အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေ ပိုများလေ့ရှိသည်။ လူ့ဘဝတစ်လျှောက်တွင် မိသားစုမရှိ သောကလေးများသည် ကမ္ဘာပေါ်တွင် ထိခိုက်နိုင်ဆုံးသောသူများ ဖြစ်သည်။ ပဋိပက္ခများ၊ စစ်ပွဲများ၊ လူမျိုးရေးမငြိမ် သက်မှုနှင့် အရင်းအမြစ်ပြိုင်ဆိုင်မှုများ သည် သန်းပေါင်းများစွာသော ကလေး များကို မိဘမဲ့အဖြစ် တွန်းပို့လျက်ရှိသည်။ စစ်ပွဲနှင့် အကြမ်းဖက်မှုကင်းမဲ့သော၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သော အခြေအနေ တစ်ရပ်ကသာ ပဋိပက္ခအတွင်းရှိ ကလေးငယ်များ၏ အနာဂတ်ကို တောက်ပစေနိုင်မည်ဖြစ်သည်။

ကမ္ဘာတွင် ခေတ်မီနည်းပညာများနှင့် စစ်မှုသိပ္ပံနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အား ကြီးနိုင်ငံအုပ်စုများ၏ ဖွံ့ဖြိုးဆဲနိုင်ငံငယ် များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင် လိုမှု၊ နိုင်ငံရေးအရ ယင်းတို့၏ ဩဇာခံအဖြစ်ထားရှိလိုမှုများကြောင့် ခေတ်သစ် စစ်ပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လေ့လာကြည့်မည် ဆိုပါက အင်အားကြီးနိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွား ရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန် ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံ စစ်ပွဲအသွင် ဖော်ဆောင်ပြီး လုပ်ဆောင် လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှု ကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိ လူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ် သည့် နည်းပညာအဆင့်မှ AI (Artificial Intelligence)ဟု ခေါ်သည့် ဉာဏ်ရည်တု နည်းပညာအသုံးပြု ကွပ်ကဲထိန်းချုပ်မှုနည်းပညာအဆင့်အထိ တိုးတက် ပြောင်းလဲလာသည်ကို တွေ့ရှိရမည်ဖြစ် သည်။ ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ် လျက်ရှိသည့် စစ်မှုရေးရာ တော်လှန် ပြောင်းလဲမှု နည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ(AI) အခန်း ကဏ္ဍကိုလည်း စဉ်ဆက်မပြတ်လေ့လာ သင်ယူနေကြရမည်ဖြစ်သည်။ ယနေ့ ကာလတွင် ကုလသမဂ္ဂ၏ဩဇာ တဖြည်းဖြည်း ကျဆင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ စိန်ခေါ်မှု များစွာရှိနေသော်လည်း မူလရည်ရွယ် ချက်အတိုင်း ကမ္ဘာကြီးတွင် ဖြစ်ပေါ် နေသော မငြိမ်းချမ်းမှု၊ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ဆာလောင်မွတ်သိပ် မှုနှင့် အမုန်းတရားများကြောင့် လူသား များ၏ ဆင်းရဲဒုက္ခခံစားနေရမှုတို့ကို အဆုံးသတ်ရန် လုပ်ဆောင်ကြရပေဦး မည်ဖြစ်သည်။ ပကတိအခြေအနေနှင့် လိုက်လျောညီထွေရှိစေမည့် ပြုပြင် ပြောင်းလဲမှုများကိုလည်း ဆက်လက်အကောင်အထည်ဖော်ကြရမည်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။