ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၁၅
၂၀၂၂ ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သင်ကြားရေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချိုသွေးချို ရောဂါကုသရေးတွင် အသုံးပြုသည့် အင်ဆူလင်ထိုးဆေးကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် Sir Frederick Banting ၏ မွေးနေ့ဖြစ်သည့် နိုဝင်ဘာ (၁၄) ရက်ကို “ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကာ (၂၀၀၆) ခုနှစ်မှစတင်၍ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်နေ့များကို ကျင်းပခြင်းဖြစ်ကြောင်း။
ယခု (၂၀၂၂)ခုနှစ်အတွက် အထိမ်းအမှတ်ဆောင်ပုဒ်မှာ ‘Education to Protect Tomorrow’ ဖြစ်ပြီး မြန်မာဘာသာဖြင့် “အနာဂတ်တွေ လှပဖို့၊ အသိပညာ မြှင့်တင်လို့ ဆီးချိုရောဂါကာကွယ်စို့” ဖြစ်ပြီး အရည်အသွေးပြည့်ဝသော ဆီးချိုပညာပေးလုပ်ငန်းများကို ကျန်းမာရေးပညာရှင်များအနေဖြင့် ဆီးချိုဝေဒနာရှင်များအကြား ကျယ်ပြန့်အောင်မြင်အောင် ဆောင်ရွက်စေရေးအတွက် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်၏ (၂၀၂၁) ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ (၅၃၇) သန်းရှိ၍ လူဆယ်ဦးတွင် တစ်ဦးက ဆီးချိုရောဂါဖြစ်ပွားနေပြီး ဆီးချို သွေးချိုဖြစ်ပွားနေသူ လူဦးရေတစ်ဝက်ခန့်သည် မိမိတွင်ဆီးချိုရောဂါရှိနေသည်ကို မသိရှိကြကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသေဆုံးမှုသည် နှစ်စဉ်မြင့်မားလာလျက်ရှိပြီး ရောဂါကြောင့်သေဆုံးမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍များနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သိရှိရကြောင်း၊
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စစ်တမ်းအရ ကနဦးဆီးချိုအဆင့်ရှိသူမှာ (၁၉ ဒသမ ၇) ရာခိုင်နှုန်းရှိနေပြီး ထိုသူများအနေဖြင့် ဆက်လက်၍ ဆီးချိုရောဂါဝေဒနာရှင်အဖြစ် ရောက်ရှိလာခြင်းနှင့်နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေအလွန်များကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုရောဂါပညာပေးကုသမှုဌာန (Center of Excellence for Diabetes) များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီး (၄) ခုနှင့် မကွေးပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ယင်းတို့အပြင် ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများ ဖွင့်လှစ်ပြီး အခြေခံကျန်းမာရေး ဝန်ထမ်းများက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါများ အခမဲ့စစ်ဆေးကုသပေးခြင်း၊ လိုအပ်လျှင် လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ရမည့် နည်းလမ်းများနှင့် လေ့ကျင့်ခန်းများကို သင်ကြားပြသခြင်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ပြည်သူလူထုမှလည်း ဆီးချို၊ သွေးချိုရောဂါအကြောင်းသိကောင်းစရာများကို ကိုယ်တိုင် လိုက်နာကျင့်သုံးရုံသာမက မိသားစု၊ ပတ်ဝန်းကျင်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပျံ့နှံ့အောင် ဆက်လက် အသိပညာဖြန့်ဝေပေးခြင်း၊ ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းဖြင့် ဆီးချို၊ သွေးချိုအန္တရာယ် မှ ကာကွယ်ကြရန် ပြောကြားသည်။
ဆက်လက်၍ ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ စီမံချက်မန်နေဂျာ ပါမောက္ခ ဒေါက်တာကိုကိုက ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ဆီးချိုရောဂါ ပညာပေးကုသဌာနသို့ သွားရောက်၍ ဆီးချိုသွေးချို ဝေဒနာရှင်များအား ဆေးဝါး ကုသပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆီးချိုအမျိုးအစား (၁) လူနာများကို အင်ဆူလင်ဆေးဝါးများ နှင့်ဆီးချို စမ်းသပ်စက်များကို ထောက်ပံ့ပေးအပ်ကာ လူနာများကို ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်သည်။
အဆိုပါအခမ်းအနားတွင် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပညာပေးဗီဒီယိုများ ပြသခြင်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များကို ဆီးချိုသွေးချို ရှိမရှိ အခမဲ့စစ်ဆေးပေးခြင်း၊ ကုသမှုပေးခြင်းနှင့် လိုအပ်ပါက လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်