နေပြည်တော် ၁၉ မေ
ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က ကြီးမှူး၍ Video Conference ဖြင့် ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျင်းပသည့် Regional Action Group For The ASIA PACIFIC: Responding to Supply Chain Disruptions ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ၎င်း၏ရုံးခန်းမှ ပါဝင်တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့စီးပွားရေးဖိုရမ် အဖွဲ့နှင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများနှင့် အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်ဆွေးနွေးကြရာ၌ ကိုဗစ်-၁၉ အလွန် စီးပွားရေး ကုစားမှု အစီအစဉ်များ ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းမှုဖြင့် ကုန်ထုတ်လုပ်မှု ကွင်းဆက် ကြံ့ခိုင်အားကောင်းစေရေးအတွက် စတင်လုပ်ဆောင်သင့်သည့် အစီအစဉ်များကို လည်းကောင်း၊ အဓိကမရှိမဖြစ် သည့် ကုန်ပစ္စည်းများကို နိုင်ငံများအချင်းချင်း ကုန်သွယ်မှုပြုရာ၌ 4IR နှင့် Block Chain စသည့် နည်းပညာများကို သုံးစွဲလုပ်ဆောင်နိုင်မည့် အခန်းကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံများ၏ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲ လုပ်ဆောင်မှုများ၊ ကမ္ဘာ့ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ ကုန်ထုတ်လုပ်မှု ကွင်းဆက်အားကောင်းခိုင်မာစေရေးကို ဆောင်ရွက်သင့်သည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသည် 4IR ကဲ့သို့သော နည်းပညာကို တီထွင်သုံးစွဲမှုများ ရှိနေပါကြောင်း၊ အကောင်းဆုံးအနေအထား မရောက်သေးသော်လည်း နိုင်ငံအတွင်း နည်းပညာ အဖွဲ့အစည်းအချို့က Robot Technology ကို ကုသရေးနှင့် Quarantine Centers များတွင် သုံးစွဲနိုင်အောင် တီထွင်ဖန်တီးခဲ့ကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူများအား Tracking and Tracing အတွက်လည်း IT နည်းပညာအသုံးပြု ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့ အချိန်အခါတွင် ကုန်ထုတ်လုပ်မှုကွင်းဆက် ကြံ့ခိုင်အားကောင်းစေရေးအတွက် Logistics ကဏ္ဍမှာ အဓိက အရေးပါသည့် အလျောက် မြန်ဆန်ထိရောက်သည့် သိုလှောင်၊ ထောက်ပံ့၊ သယ်ယူရေးစနစ်ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံချင်းက ကြိုးပမ်းဆောင်ရွက်နေရုံနှင့် မလုံလောက်ဘဲ နိုင်ငံများအကြား အပြန်အလှန် အမှီသဟဲပြု၍ ညှိညှိနှိုင်းနှိုင်း၊ စုစုစည်းစည်းနှင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံအလိုက် မိမိဒေသတစ်ခုလုံး၏ စားနပ်ရိက္ခာဖူလုံရေးမှာ အရေးကြီးသည့်အတွက် လယ်သမားများ မျိုးကောင်းမျိုးသန့် ရရှိရေး၊ အရည်အသွေး ပြည့်မီသည့် သွင်းအားစုများရရှိရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များ အချိန်အခါမီ ဖြန့်ဖြူးနိုင်ရေး အတွက် စတုတ္တစက်မှုအသွင် ကူးပြောင်းရေး(4IR) နည်းပညာကို ထိထိရောက်ရောက် သုံးစွဲနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာရှ-ပစိဖိတ် ဒေသအတွင်းမှ နည်းပညာကုမ္ပဏီကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


