နေပြည်တော် ၂၁ ဧပြီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ပူးပေါင်း၍ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က Video Conference စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အာရှ-ပစိဖိတ် ဒေသအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သူများ၏ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးခန်းမှ ပါဝင်တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကမ္ဘာ့စီးပွားရေးဖိုရမ်အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်တက်ရောက်ကြပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ဖြေရှင်းနိုင်ရန် အာရှ-ပစိဖိတ်ဒေသရှိ ခေါင်းဆောင်များအကြား ပုံမှန်ထိတွေ့မှုများ ဆောင်ရွက်သွားရန် ကျင်းပခြင်း ဖြစ်သည်။
အစည်းအဝေးတွင် ဒေသတွင်းစည်းလုံးမှုကို ပိုမိုခိုင်မာစေခြင်းနှင့် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုများ သက်သာစေရန်နှင့် စီးပွားရေးပြန်လည်ထူထောင်ရေး ကိစ္စရပ်များ အတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အသိအမြင်များ ဖလှယ်ခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် လူသားတို့၏ ရှင်သန်ရေးနှင့် စားဝတ်နေရေးသာမက ကမ္ဘာ့စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးရွားစွာထိခိုက်စေလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါသည် နေရာဒေသမရွေး ဖြစ်ပွား နိုင်သည့်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ အလွန်ဒေသတွင်း စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးတစ်ရပ်လုံး ပြန်လည်နိုးထရေးအတွက် ဆောင်ရွက်ရာတွင် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံချင်း ရပ်တည်၍ ဆောင်ရွက်ရုံမျှနှင့် မလုံလောက်နိုင်ကြောင်း၊ အထူးသဖြင့် ဒေသတွင်း ရိက္ခာဖူလုံရေး၊ ရောဂါကာကွယ်ကုသရေးနှင့် စီးပွားရေးများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရန်အတွက် ဘဏ္ဍာရေး အကူအညီ အထောက်အပံ့များ ရရှိရေးမှာလည်း အရေးကြီးသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဦးစားပေး အဆင့်အလိုက် လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေးလည်း အရေးကြီးကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အာဆီယံ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ မိတ်ဖက်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်နိုင်ရန်၊ ဈေးကွက်ပွင့်လင်းစေရန်၊ အရေးပေါ်နှင့် ရေရှည်ဖွံ့ဖြိုးမှုအကူအညီများကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်မည့်ကဏ္ဍများသို့ ထောက်ပံ့ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်