ကမ္ဘာ့စွမ်းအားအမြင့်ဆုံး Falcon Heavy ဒုံးပျံ လွှတ်တင်

ကိပ် ကနာဗာရယ် ၇ ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီ ၆ ရက်နေ့က ကမ္ဘာ့စွမ်းအားအမြင့်ဆုံး Falcon Heavy ဒုံးပျံကို ဖလော်ရီဒါ အာကာသစခန်း ကနေ ပွဲဦးထွက် စမ်းသပ်ပစ်လွှတ် လိုက်ပြီဖြစ်ပါတယ်။ ဒုံးပျံကို စီးပွားရေး လုပ်ငန်းရှင် သန်းကြွယ်သူဌေး အီလွန်မာ့စ်ရဲ့ ပုဂ္ဂလိက ဒုံးပျံဝန်ဆောင်မှု ကုမ္ပဏီ SpaceX က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ကိပ် ကနာဗာရယ်၊ ကနေဒီ အာကာသစခန်းကနေ ညနေ ၃ နာရီ ၄၅ မှာ ပျံတက်သွားခဲ့တာဖြစ်ပါတယ်။

Falcon Heavy ကို ကမ္ဘာ့အနီးဆုံး ပတ်လမ်းကြောင်းထဲကို တန် ၇၀ ထိ သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းဆွဲထားပြီး တစ်ကြိမ်လွှတ်တင်ဖို့ ကုန်ကျစရိတ်က ဒေါ်လာသန်းကိုးဆယ် ဖြစ်ပါတယ်။ တန်ချိန် ၇၀ ဟာ လွှတ်တင်ပြီးသမျှ ဒုံးပျံအားလုံးထက် နှစ်ဆ သယ်ယူနိုင်စွမ်းပဲဖြစ်ပါတယ်။ ဒုံးပျံမှာ အင်ဂျင် ၂၇ လုံးပါရှိပြီး ၇၄၇ ဘိုရင်း ဂျက်လေယာဉ် ၁၈ စင်းထက် အင်ဂျင်ပါဝါ ပိုများပါတယ်။

 

“Falcon Heavy ရဲ့ အောင်မြင်မှုက ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ တခြားနိုင်ငံတွေက ဖန်တီးလာမယ့် အာကာသဆိုင်ရာ ယှဉ်ပြိုင်မှုအသစ် အသစ်တွေအတွက် တွန်းအားပေးရာ ရောက်ပါတယ်။ အာကာသဆိုင်ရာ ယှဉ်ပြိုင်မှုတွေက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ စစ်အေးခေတ် ၁၉၆၀ ခုနှစ်များဆီက အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့အကြား အားပြိုင်မှုတွေကို သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။

 

SpaceX ဟာ ယခင်ကတည်းက ခရီးသည်တင်ဆောင်ပြီး လကို သွားရောက်မယ့် အာကာသ ခရီးစဉ်နှစ်ခုမှာ Falcon Heavy ကို အသုံးပြုသွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမယ့် SpaceX ရဲ့ စွမ်းအားပြည့်ဝတဲ့ ဒုံးပျံလွှတ်တင်စနစ်နဲ့ မျှော်မှန်းထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Big Falcon Rocket (BFR) ရှိနေတာတောင် လပေါ်ကို ခရီးသည်ပို့ဆောင်မယ့်အစီအစဉ်က မဖြစ်နိုင်သေးပါဘူး။ တစ်နေ့ကျရင်တော့ လူသားတွေကို အင်္ဂါဂြိုလ်ပေါ်ကို ပို့ဆောင်ပေးနိုင်မှာဖြစ်တယ်လို့ မာ့စ် က ပြောကြားခဲ့ပါတယ်။ BFR လွှတ်တင်မှုဟာ ကမ္ဘာပေါ်မှာ မရှိဘူးသေးတဲ့ စွမ်းအားအပြည့်ဝဆုံးလွှတ်တင်မှုဖြစ်တာကြောင့် အင်္ဂါဂြိုလ်ပေါ်ကို လူသားတွေ သွားရောက်နိုင်မယ့်အချိန် ယခင်နဲ့စာရင် နီးလာပြီလို့ ယူဆရပါတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ