ရန်ကုန် ၁၆ နိုဝင်ဘာ
ကမ္ဘာ့ဒဿနိကဗေဒနေ့ ၂၀၁၉ ကို ကြိုဆိုသောအားဖြင့် မြန်မာမော်ဒန် ကဗျာအကြောင်း စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပရာ ဒဿနိကဗေဒအသင်း (မြန်မာနိုင်ငံ) ဥက္ကဋ္ဌဒေါက်တာ မောင်ဆောင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလဲ့လဲ့ဝင်းက ဒဿနိကဗေဒပညာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒဿနိကဗေဒအသင်း(မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးမြင့်ဆွေက အသင်း၏လှုပ်ရှားမှုကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆရာမောင်မောင်ဇေယျနှင့် Action Aid Myanmar ၏ လုပ်ငန်းမန်နေဂျာ ဒေါ်ခင်လေးနွယ်ထွန်းက အမျိုးသမီးနှင့်လူငယ်များအကြား အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဇာတ်လမ်းသရုပ်ဖော်၊ အမေးအဖြေကဏ္ဍတို့ဖြင့် ရှင်းလင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာမော်ဒန်ကဗျာအကြောင်း စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဆရာမောင်မောင်ဇေယျက အစီစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး ဆရာသစ္စာနီ၊ ဆရာ ဇေယျာလင်း၊ ဆရာ ခင်အောင်အေး၊ ဆရာမင်းဇင်၊ ဆရာမ ဖြူမွန်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
“မော်ဒန်ဆိုတာ အနုပညာတစ်ခုရဲ့ဖန်တီးမှုပါပဲ၊ အခုကျတော့ Comtenporary လို့ သုံးလာပြီး စဉ်ဆက်မပြတ် ဖန်တီးနေတာကို ဆိုလိုတာပါ။ ရပ်မနေဘူး၊ ဖန်တီးတာ ဆိုပေမယ့် အစဉ်အလာကနေ လုံးဝလွတ်ထွက်သွားတာ မဟုတ်ဘူး၊ တစ်ခုပေါ်တစ်ခု တည်မှီပြီးတော့ တီထွင်တိုးတက်နေတာ၊ ဒီတီထွင်မှုကို နားလည်လက်ခံဖို့လိုတယ်၊ ဒီနှစ် ဖလော်ဆော်ဖီအသင်းနဲ့ ပူးပေါင်းပြီး ပထမအကြိမ် စတင်ကျင်းပတာပါ၊ နောက်နှစ်တွေလည်း ဆက်လက်ပြုလုပ်သွားမှာပါ၊ မော်ဒန်ကဗျာဆိုတာကို နားလည်လက်ခံလာအောင် ပိုပြီးသိမြင်လာအောင် တတ်နိုင်သမျှ ကြိုးစားအားထုတ် နေပါတယ်၊ အကျိုး သက်ရောက်မှုက အတိုင်းအတာတစ်ခုထိတော့ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။
ယခုနှစ် ကမ္ဘာ့ဒဿနိကဗေဒနေ့ (၂၀၁၉)၏ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေးကို လေ့ကျင့်ပျိုးထောင်စို့” ဖြစ်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO အဖွဲ့က ၂၀၀၂ ခုနှစ်မှစ၍ နှစ်စဉ် နိုဝင်ဘာလ၏ တတိယအပတ် ကြာသပတေးနေ့တွင် ကျင်းပရန် သတ်မှတ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ဆဠမအကြိမ်မြောက် ကမ္ဘာ့ဒဿနိကဗေဒနေ့ကို နိုဝင်ဘာ ၂၁ရက် (အမျိုးသားနေ့) တွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း




