နယူးဒေလီ ၁၈ ဇူလိုင်
အာဏာပိုင်များက ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်နေချိန်တွင် ဇူလိုင် ၁၇ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း တစ်သန်းကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း တရားဝင်ကိန်းဂဏန်းအချက်အလက် ဖော်ပြချက်များအရ သိရသည်။
အိန္ဒိယနိုင်ငံတွင် နေ့စဉ် လူ ၆၀၀ ကျော် သေဆုံးခဲ့သောကြောင့် လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော ယင်းနိုင်ငံ တွင် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများကို ပြန်လည်ပြဋ္ဌာန်းခဲ့ရသည်။ မကြာသေးမီ သီတင်းပတ်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီဟူသော ယူဆချက်ဖြင့် ကန့်သတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်လိုက်သော အချက်အလက်များအရ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀၀၃၃၈၂ ဦး ရှိကြောင်း သိသည်။ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၆၈၇ ဦး ကျော် မြင့်တက်နေမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ဦးရေလည်း ၂၅၆၀၂ ဦး ရှိလာခဲ့သည်။
လူဦးရေအလွန်ထူထပ်သော အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တတိယအဆိုးဆုံး ခံစားရသော နိုင်ငံဖြစ်သည်။ သို့သော်လည်း သေဆုံးမှုနှုန်းတွင် အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့သည် အိန္ဒိယနိုင်ငံထက် အတော်လေးမြင့်မားလျက်ရှိသည်။
အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်နေရာများ ဖြစ်လာနိုင်ကြောင်း ဇူလိုင် ၁၆ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းအဖွဲ့အစည်းက ပြောကြားလိုက်သည်။ ကမ္ဘာကြီးသည် အမေရိကန်ပြည်ထောင်စုနှင့် တောင်အမေရိကကို အာရုံစိုက်နေချိန်တွင် ကိုရိုနာဗိုင်းရပ်စ်၏ အကျပ်အတည်းသည် တောင်အာရှမှာလည်း တစ်ပြိုင်နက်တည်း ပေါ်ပေါက်လျက်ရှိကြောင်း ကြက်ခြေနီအဖွဲ့ကြီးက သတိပေး ပြောလိုက်သည်။
ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုသည် တောင်အာရှတွင် အလွန်တရာ သတိထားရမည့်နှုန်းဖြင့် ကူးစက်ပျံ့နှံ့လျက် ရှိကြောင်း သိရသည်။
အေအက်ဖ်ပီ