သိန်းညွန့် PZL
မြန်မာနိုင်ငံ၏မြောက်ဖျားဒေသ............။ ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွဲရာဇီတောင်စဉ်၊ တောင်တန်းများ ဝန်းရံလျက်........။
မြန်မာနိုင်ငံ၏ အသည်းနှလုံးသဖွယ်ဖြစ်သော ဧရာဝတီမြစ်ကြီး၏ မေခ-မလိခ မြစ်နှစ်သွယ်တို့ စတင်စီးဆင်းမြစ်ဖျားခံရာ.......။
အမျိုးသားအဆင့် ထိန်းသိမ်းရေး နယ်မြေတစ်ခုအဖြစ်စောင့်ရှောက်
သဘာဝသစ်တောနယ်မြေ၊ ရေခဲတောင်များ တည်ရှိရာဒေသ.......။
ဤတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်ကား ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပူတာအို၊ မချမ်းဘောနှင့် နောင်မွန် မြို့နယ်များအတွင်း ရေခဲတောင်ဂေဟစနစ်၊ ရှားပါးလှသောသားမင်း၊ တောင်ဆိတ်၊ ပန်ဒါနီ၊ ဟိမဝန္တာဝက်ဝံ၊ မျောက်လွှဲကျော်မျက်ခုံးဖြူ၊ အင်းကျားစသည်တို့ ကျက်စားရာ ဆေးဖက်ဝင်ရှီးပတီး၊ ရေခဲတောင်ဂျင်ဆင်းတို့ ပေါက်ရောက်ရာ၊ သစ်ခွမျိုးစုံ ရှင်သန်ပေါက်ပွားရာ ထူးခြားလှသောရေဝေရေလဲ ဒေသဖြစ်သော ဘေးမဲ့တောကို အမျိုးသားအဆင့် ထိန်းသိမ်းရေး နယ်မြေတစ်ခုအဖြစ် သစ်တောဦးစီးဌာနက ၂၀၀၃ ခုနှစ်မှစတင်ကာ စနစ်တကျ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေပေသည်။
ပန်းချီကားချပ်သဖွယ်ဖြစ်တည်
စတုရန်းမိုင် ၁၀၄၄ မိုင်ရှိကာ ဧကအားဖြင့် ဧက ၆၆၈၀၀၀ ကျော် ကျယ်ပြောသော ဘေးမဲ့တောအတွင်း ဖုန်ကန်ရာဇီတောင်ထွတ်များသည် တစ်နှစ်ပတ်လုံး ရေခဲဖုံးလွှမ်းကာ အေးမြနေသော နယ်မြေဖြစ်ပါ၏။ ပင်လယ်ရေမျက်နှာပြင် အထက်တွင် ပေ ၃၀၀၀ မှသည် ပေ ၁၂၀၀၀ အထိ မြင့်မားသော တောင်စဉ်၊ တောင်တန်းများသည် အမြဲစိမ်း၊ တောင်ပေါ် မြက်ခင်း၊ တောင်ပေါ်ထင်းရှူး၊ တောင်ဇလပ်ပင်များဖြင့် လှပစိုပြည် သောပန်းချီကားချပ်သဖွယ်ဖြစ်တည်နေပါ၏။
ကမ္ဘာ့ဂေဟစနစ်အချက်အချာနေရာ (Global Biodiversity Hotspots) ၂၅ ခု နယ်ပယ်ဧရိယာအတွင်း ပူတာအိုဒေသလည်း ပါဝင်ကျရောက်ပေရာ ဇီဝမျိုးစိတ်များအတွက် အဓိကအရေးပါသော ဂေဟစနစ် နယ်မြေ တစ်ခုလည်း ဖြစ်ပါသည်။
ပတ်ဝန်းကျင်တစ်ခွင်ကို ရှုကြည့်စေ့ငုလိုက်မည်ဆိုပါက မြောက်ဘက်၌ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ တောင်ဘက်တွင်ကား ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အနောက်ဘက်၌ ကား အိန္ဒိယနိုင်ငံတို့နှင့် ထိစပ်နေသောဘေးမဲ့တော ဖြစ်ပါ၏။
ဆီးနှင်းဖုံးလွှမ်းနေသော သဘာဝတောတောင်ရှုခင်း၊ ဇီဝမျိုးစုံမျိုးစိတ်များ၊ ဒေသခံတိုင်းရင်းသား ရိုးရာဓလေ့ ယဉ်ကျေးမှုပုံစံနှင့် ရေစီးသန်လှသောချောင်းများက သုတေသနပညာရှင်၊ ခရီးသွားဝါသနာရှင်တို့အား ဆွဲဆောင်လျက် ရှိသည်။
မြို့တော်ရန်ကုန်နှင့် မန္တလေးမြို့များမှ ပူတာအိုသို့ လေယာဉ်ဖြင့် တိုက်ရိုက်ခရီးနှင်နိုင်ကာ မြစ်ကြီးနားမြို့မှဆိုပါက ပူတာအိုသို့ လေယာဉ်ဖြင့်သာ အဓိကသွားရောက်ရကြောင်း သိရပါ၏။ ပွင့်လင်းရာသီ၌ပင် မော်တော်ယာဉ်ဖြင့် နှစ်ရက်ကြာ သွားလာရပေရာ ကုန်းလမ်းခရီး ၂၁၈ မိုင်ခန့် ကွာဝေးသောနေရာ ဒေသဖြစ်ပါသည်။
ဒေသခံတိုင်းရင်းသားများက တစ်တပ်တစ်အား ထိန်းသိမ်းစောင့်ရှောက်
အချုပ်အားဖြင့်ဆိုရပါသော် ဖုန်ကန်ရာဇီတောင်တန်း၊ မလိခမြစ်၏ ရေဝေရေလဲဒေသ ရေရှည်တည်တံ့စေရေး၊ ရှားပါးတောရိုင်း တိရစ္ဆာန်မျိုးစိတ်များကို အနာဂတ်သားစဉ်မြေးဆက်တိုင် တည်တံ့ရှင်သန်စေရေး တို့အတွက်နိုင်ငံတော်နှင့်အတူ ဒေသခံတိုင်းရင်းသားပြည်သူများကပါ တစ်တပ်တစ်အားပါဝင်ကူညီ ထိန်းသိမ်း စောင့်ရှောက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသတည်း။