Jillian Micheals ဆိုတာ အမေရိကန်လူမျိုး ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ယောက်ဖြစ်ပြီး စာရေးဆရာ၊ အားကစား တီဗီအစီအစဉ်တွေမှာလည်း အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ သူမဟာ The Biggest Loser လို့ခေါ်တဲ့ ဝိတ်ကျတာကို ယှဉ်ပြိုင်ကြတဲ့ တီဗီအစီအစဉ်ရဲ့ နည်းပြဖြစ်ပြီး သူမရဲ့ ဝိတ်အများဆုံးကို အမြန်ဆုံးကျစေတဲ့ နည်းလမ်းတွေဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူမရဲ့ နည်းလမ်းတွေက သိပ္ပံနည်းကျ ဆေးစစ်ချက် တွေနဲ့ပါ စမ်းသပ်ထားပြီးတော့ ဝိတ်ကျပြီးရင်လည်း အချိန်ကြာကြာ ဆက်ထိန်း ထားနိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်။ ဒါကြောင့် သူမရဲ့ ဝိတ်ကျစေတဲ့ နည်းလမ်း တွေထဲက တချို့ကို ကျန်းမာရေးလိုက်စားသူ ကိုကိုမမတို့အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

 

၁။ ပူစပ်တဲ့ အစားအစာတွေမာလာရှမ်းကော၊ ဟော့ပေါ့၊ အသုပ်တွေ ကြိုက်တဲ့သူတွေ အတွက်တော့ သတင်းကောင်းပါပဲ။ ဒါပေမဲ့ အဲဒီလို အစားအစာတွေမှာတော့ ဆီများတဲ့အတွက် ကယ်လိုရီတွေများနေနိုင်ပါတယ်။ သဘာဝဟင်းခပ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတဲ့ ပူတဲ့ စပ်တဲ့ အစားအသောက်တွေကတော့ အဆီချေဖျက်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်တဲ့။

 

၂။ မသန်တဲ့လက်ကို သုံးပြီး အစာစားပါ။အစာစားတဲ့အခါမှာ ကိုယ်မသန်တဲ့ဘက်နဲ့ စားခိုင်းတာပါ။ ညာသန်က ဘယ်လက်နဲ့ စား၊ ဘယ်သန်က ညာလက်နဲ့စားခြင်းအားဖြင့် ခက်ခဲနေတဲ့အတွက် စားရမယ့်ပမာဏကို ထိန်းချုပ်နိုင်ပါလိမ့်မယ်တဲ့။

 

၃။ အပြာရောင်ဟင်းခွက်တွေကို အသုံးပြုပါ။အစာစားတဲ့ချိန်မှာ အပြာရောင် ဟင်းခွက်တွေကို အသုံးပြုတာဟာ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါနဲ့ ဆန့်ကျင်ဘက် အနီရောင်၊ လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေကတော့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။

၄။ ချိန်ဆပြီး စားပါ။ကွတ်ကီးတို့၊ ပေါင်မုန့်တို့ ထည့်လုပ်တဲ့ ပုံစံခွက်လေးတွေထဲကို ကိုယ်စားမယ့် ထမင်း၊ ခေါက်ဆွဲတွေကို ထည့်စားခိုင်းထားပါ။ ဒီလောက်ပဲ စားမယ်ဆိုပြီး ကိုယ့်ဘာကိုယ် သတ်မှတ်ထားရင် ပိုစားမိမှာကို မပူရတော့ဘူးပေါ့။

 

၅။ အအေးထုတ်လေးတွေကိုင်ပြီးပြေးပါ။အပြင်မှာ ထွက်ပြီး အပြေးလေ့ကျင့်တဲ့အခါ ရာသီဥတု ပူရင် ချွေးထွက်လွန်ပြီး လွယ်လွယ်ကူကူပင်ပန်းသွားနိုင်ပါတယ်။ ဒါကြောင့် ပြေးတဲ့အခါ ရေခဲထားတဲ့ အထုတ်လေးတွေကို ကိုင်ပြီး ပြေးကြရင် ခန္ဓာကိုယ်အပူချိန်ဟာကျသွားတဲ့အတွက် ပိုကြာကြာပြေးနိုင်ပါတယ်တဲ့။

 

၅။ Peppermint oilအားကစားလုပ်တဲ့ခါ peppermint ဆီလေးတွေကို လက်မှာ သုတ်လိမ်းပြီး ပြေး ပါတဲ့။ ရေမွှေးမဟုတ်တဲ့ အခြားရှတတအနံ့ရှိတဲ့ သဘာဝအဆီနံ့လေးတွေကို ရှူလိုက်တာဟာ ကုန်ဆုံးသွားတဲ့ အင်နာဂျီကို ပြန်လည်ဖြည့်တင်း ပေးတဲ့အတွက် စိတ်ကြည်လင် လန်းဆန်းလာပြီး အားကစား စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်တဲ့။

 

ဝိတ်ချတဲ့သူတွေလုပ်လေ့ရှိတာက အစားကို ရက်နည်းနည်းလောက်လျှော့စားတယ် ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်သွားရင် အရင်အတိုင်း ပြန်နေ ပြန်စားတယ်။ အားကစား မှန်မှန်မလုပ်ဘူး။ အဲဒီလိုလုပ်ရင်လည်း ခဏတာ ပိန်သွားပြီး နောက်ကျရင်လည်း ပုံမှန်ဝိတ်ကို ပြန်ရောက်သွားမှာပါ။ မှန်ကန်ကျန်းမာတဲ့ diet နဲ့အတူ  လေ့ကျင့်ခန်းတွေကို တစိုက်မတ်မတ် လုပ်နေမှသာ ကျန်းမာလှပတဲ့ ဘော်ဒီလေးကို ရေရှည် ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်နော်။

 

ရေးသားသူ Dr. Yee Mon Lwin ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်