မိုးကုတ် ၁၃ စက်တင်ဘာ


မိုးကုတ်မြို့သည် ပတ္တမြား၊ နီလာ၊ ဥဿဖရား၊ မြ၊ ဂေါ်၊ မိတ်၊ စလင်း စသည့် ကျောက်မျက်ရတနာ သုံးဆယ့်ငါးမျိုးခန့် ထွက်ရှိပြီး ယင်းကျောက်မျက်ရတနာများကြောင့် ၁၉၉၀ ပြည့်နှစ်များအထိ  မိုးကုတ်မြို့ ဒေသခံများအပြင် တစ်နယ်တစ်ကျေးမှ ကျောက်လုပ်ငန်း လာရောက်လုပ်ကိုင်သည့် သူများပါ စီးပွားဖြစ်ထွန်းခဲ့သည်။

 

1

 


၁၉၉၀ နောက်ပိုင်းတွင် ကျောက်မျက်ထွက်ရှိရာ နေရာများကို ပုဂ္ဂလိကကုမ္ပဏီများအား ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ခွင့် ပေးလာကြပြီး နောက်ပိုင်းတွင် မိုးကုတ်ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ခွင့် အခွင့်အလမ်းနည်းပါးခြင်းနှင့် မြို့မှာ အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် စီးပွားရေး ကြပ်တည်းမှုများနဲ့ ရင်ဆိုင်လာကြရသည်။ 

 

1

 


အဲဒီလို အလုပ်အကိုင် အဆင်မပြေတဲ့ အချိန်မှာ “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုသည့် ဆိုရိုးစကားသည် အတိုင်း ကိုယ်ပိုင် အလုပ်အကိုင်များ လုပ်ပိုင်ခွင့်မရှိတော့ မိုးကုတ်မြို့သူမြို့သားတွေအတွက် ချစ်လျက်နှင့် မြို့ကိုစွန့်ခွာကာ တစ်ရွာသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

 

1

 


ယခင် မိုးကုတ်မြို့၏ စီးပွားရေးမှာ သဘာဝ သယံဇာတမြေမှ ပေးထားသည့် မြေပေါ်တွင် ကျောက်မျက်ရတနာများ တူးဖော်ရောင်းချရင်း ကြီးပွားချမ်းသာမှုကို ဒေသခံတော်တော်များများ ခံစားခဲ့ကြရသည်။ အဲ့ဒီအချိန်က ဒေသခံများဟာ တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ပြီး မြို့ပေါ်တွင်မှာပင် အဓိက ဈေးကွက်အဖြစ် ရောင်းချနိုင်ကြသလို အခြားဒေသများနဲ့ ပြည်ပနိုင်ငံတွေကိုပါ သွားရောက်ရောင်းချနိုင်ခဲ့သည်လို့ ဒေသခံတွေက ပြောသည်။

 

1

 


မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး  နည်းဥပဒေအတည်ထွက်ရှိမှသာ လက်လုပ်လက်စား အသေးစား အလတ်စားများကို ချထားပေးမည်ဖြစ်သည်။ ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် ချထားပေးရန် လျာထားသည့် မြေဧက(၈၂၂၀ဝ)ကျော် ရှိပြီး လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေများဖြစ်သည်။ ယင်းမြေနေရာများကို ဇုံသုံးခု ပိုင်းခြား သတ်မှတ်ထားပြီး ဇုန် (၁)တွင် (၆၅၆၂၈)ဧက၊ ဇုန်(၂)တွင် (၁၀၁၅၃) ဧကနှင့် ဇုန်(၃)တွင် (၆၄၃၈)ဧက ပါဝင်မည်ဖြစ်ကြောင်း သတ္တုတွင်းဦးစီးဌာနမှ ထုတ်ပြန်သည့် မြေပုံများတွင် ဖော်ပြထားသည်။

 

1

 


မိုးကုတ်မြို့ရှိ လူငယ်များ အနေဖြင့် ဒေသထွက် ကျောက်မျက်ရတနာ လုပ်ငန်းများကို စိတ်ပါဝင်စားမှု နည်းပါးလာခြင်းနှင့် မိုးကုတ်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းများ အခက်အခဲဖြစ်လာခြင်းကြောင့် ရန်ကုန်၊ မန္တလေး၊ တရုတ်ပြည်၊ စင်ကာပူ၊ ထိုင်းနိုင်ငံစသည့် အရပ်ဒေသများသို့ ပြောင်းရွှေ့ကာ လုပ်ကိုင်စားသောက် နေရသည်။ 

 

1

 


“မိုးကုတ်မှာက အလုပ်အကိုင် အခွင့်အလမ်းက ရှားတယ်လေ။ ကိုယ်တိုင်ကလည်း ကျောက်အရောင်းအဝယ် အလုပ်ကို ဝါသနာမပါတော့ မလုပ်ဖြစ်ဘူး။ အခုမိုးကုတ်ကိုစွန့်ခွာပြီး ထိုင်းမှာ အလုပ်လုပ်ကိုင်တာ ၅ နှစ်ရှိပြီ။ ကျွန်မတို့လို လူငယ်တွေအတွက်တော့ အလုပ်အကိုင်ဆိုရာတွင် ကျောက်အရောင်းအဝယ်မှ မလုပ်တက်ရင် ဘာမှမရှိသလောက် မိုးကုတ်မှာ ရှားတော့ ခုလိုပြည်ပထွက်ပြီး လုပ်ကိုင်ရတာပေါ့” ဟု မိုးကုတ်မြို့သို့ စွန့်ခွာက ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော မယမင်းက ပြောသည်။


ယင်းသို့ ပြောင်းရွှေ့ကာ လုပ်ကိုင်စားသောက်နေရသည့် ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ချထားပေးနိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း မိုးကုတ်သားဖြစ်သူ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဖြစ်သူ ဦးမျိုးသစ် က ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။


မိုးကုတ်မြို့တွင် ရပ်ကွက်အုပ်စု ၅ အုပ်စု၊ ကျေးရွာ အုပ်စု ၃၀၊ ကျေးရွာ ၁၃၂ ရွာရှိပြီး လူဦးရေမှာ ၁၇၁,၅၇၁ ယောက် ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။ 


တစ်နှစ်ပတ်လုံး အေးမြစိုစွတ်သည့် ရာသီဥတု ပိုင်ဆိုင်ပြီး တောင်ပတ်လည် ဝန်းရံထားသည့်  ချိုင့်ဝှမ်းအတွင်းရှိ ဒယ်အိုးပုံစံ နေချင်စဖွယ် မိုးကုတ်မြို့ကို စွန့်ခွာ၍ မိသားစု စားဝတ်နေရေးအတွက် အခြားဒေသသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေရသူအရေအတွက်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့သည်။ မိုးကုတ်မြို့သို့ စွန့်ခွာကာ အလုပ်လုပ်ကိုင် နေရသူတို့သည် မိမိတို့၏မြို့၌ ဒေသခံများကို ကျောက်မျက်ရတနာ လုပ်ကွက်များ ချထားပေးမှုနှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည့် နေ့ရက်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြလျက်ရှိပါတော့သည်။


နေသူရိန်လင်း