ရန်ကုန် မတ် ၁၄
ကမ္ဘာပေါ်တွင် မကူးစက်နိုင်သောရောဂါတို့၌ အသံတိတ်လူသတ်သမားဟု တင်စား လေ့ရှိသည့် ကျောက်ကပ်ရောဂါကို ကမ္ဘာ့လူဦးရေ၏ သန်း ၈၀၀ ကျော်၌ ၁၀ ဦးတွင် တစ်ယောက်နှုန်း ခံစားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားရာ မြန်မာ နိုင်ငံတွင်လည်း ကျောက်ကပ်ရောဂါ အကြောင်းကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို လိုက်နာလုပ်ဆောင်နိုင်ရန် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ ကျောက်ကပ်နေ့၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ကန်သာယာအထူးကုဆေးရုံကြီး ဧည့်ခန်းမဆောင်၌ ကျောက်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသမှုနည်းလမ်း များကို ယနေ့ နံနက်ပိုင်းက အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မကူးစက်နိုင်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါနှင့် အဝလွန် ရောဂါများ ဖြစ်ပွားမှုများလာသည်နှင့်အမျှ နာတာရှည်ကျောက်ကပ်အားနည်း ရောဂါ ဖြစ်ပွားမှုမှာလည်း တိုးမြင့်လာလျက်ရှိပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအဖြစ်နှင့် ကုန်ထုတ် စွမ်းအားကို ထိခိုက်စေသောကြောင့် နာတာရှည်ကျောက်ကပ်အားနည်းရောဂါကို အထူး ဂရုပြုနိုင်ရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးပညာရှင်များက အသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။
“ဆီးချို၊ သွေးချိုနဲ့ သွေးတိုးရောဂါဖြစ်ပွားမှု များလာတာရယ်၊ အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အလွယ်တကူသုံးစွဲမှုများလာတာ၊ အနေ အထိုင်စားသောက်မှုပုံစံတွေ မမှန်လာတာကြောင့် ကျောက်ကပ်ရောဂါဝေဒနာတွေ ပိုများ လာတယ်လို့ဆိုရမှာပါ။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါမဖြစ်အောင် ကာကွယ် ကုသပေးတာ၊ ရောဂါဖြစ်လာရင် ကျောက်ကပ်သွေးသန့်စင်ခြင်း၊ ဝမ်းဗိုက်အမှေးပါးကို အသုံးပြုပြီး ရေနဲ့သန့်စင်ခြင်းနဲ့ ကျောက်ကပ်အစားထိုးကုသမှုတို့ကို ကုသဆောင်ရွက်ပေး နေတာရှိပါတယ်။ အထူးသဖြင့် ရောဂါဖြစ်မှကုသတာထက် မဖြစ်အောင်ကြိုတင်ကာကွယ် ပြုမူနေထိုင်သွားမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ” ဟု ကန်သာယာအထူးကုဆေးရုံကြီးမှ ကျောက်ကပ်ဆေးကုသမှုပါရဂူ ဒေါက်တာအောင်ချမ်းငြိမ်း က ပြောသည်။
၂၀၂၄ ခုနှစ် ကမ္ဘာ့ကျောက်ကပ်နေ့ဆောင်ပုဒ်မှာ “ အားလုံးအတွက် ကျောက်ကပ် ကျန်းမာရေး” ဖြစ်ပြီး နှစ်စဉ်မတ်လ၏ ဒုတိယပတ်၊ ကြာသာပတေးနေ့တွင် (World Kidney Day) ‘ကမ္ဘာ့ကျောက်ကပ်နေ့’ကို ၂၀၀၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌ ယနေ့တိုင် ကျင်းပလျက်ရှိသည်။ ကမ္ဘာ့တွင် သေစေနိုင်သောရောဂါများကို အဆင့်ခွဲထားရာ၌ ကျောက်ကပ်ရောဂါကြောင့် သေဆုံးမှုနှုန်းသည် အဆင့်ရှစ်တွင် ရောက်ရှိလျက်ရှိရာ ကမ္ဘာ့ ကျန်းမာရေးပညာရှင်များက ယခုလို ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လာခြင်းဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာ့ကျောက်ကပ်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ သတိပြုသိရှိ လိုက်နာနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လုပ်ငန်းများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၆၀)ကျော်၌ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန်
သစ္စာ(mna)