ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

စစ်တွေ   ၂၈   နိုဝင်ဘာ

 

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day 2019) အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်တွင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမခန်းမ၌ အထိမ်းအမှတ် ပညာပေး ပြခန်းများ၊ ဉာဏ်စမ်း ကစားနည်းများနှင့် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

ရခိုင်ပြည်နယ် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲဝင်းထွန်းက ``နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ စည်စည်ကားကား ဖြစ်အောင်စီ စဉ်ထားတယ်။ အထူးသဖြင့် လူငယ်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကြောက်စရာ ကောင်းတဲ့ AIDS ရောဂါနဲ့ပတ်သက်တဲ့ သိကောင်းစရာ ပညာပေးပြခန်းတွေပါဝင်မယ်။ ဉာဏ်စမ်း အမေးအဖြေတွေလုပ်ပြီး အမှတ်တရဆုတွေ ပေးသွားဖို့လည်းစီစဉ်ထားပါတယ်´´ ဟုပြောသည်။

 

ပြည်သူများအနေဖြင့် AIDS ရောဂါနှင့်ပတ်သက်သည့် ဖြစ်ပွားမှု အခြေအနေ သိကောင်း စရာများ နှင့် ဗဟုသုတများအား အသိပညာရရှိစေရန်အပြင် ကျန်းမာရေး အသိပညာမြှင့်တင်သည့် အနေဖြင့် အဆိုပါ အခမ်းအနားကိုကျင်းပသွားမည်ကြောင်းသိရသည်။

 

ထိုသို့ကျင်းပနိုင်ရေး အတွက်အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်နှင့် ရခိုင်ပြည်နယ်၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲဝင်းထွန်းတို့က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အစီအစဉ်များအားရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့် ညှိနှိုင်း ဆွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

အစည်းအဝေးသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။  

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇင်ဦး(မြန်မာ့အလင်း)