အောင်ထက်လင်း (ကြိမ်ချောင်း)

 

လူ့အဖွဲ့အစည်းအတွင်း စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ညစ်ညမ်းမှုကို လျှော့ချခြင်းအတွက် အရေးပါသည့်ကိစ္စဖြစ်သည်။ ကုန်ကြမ်းအသစ်များ  အသုံးပြုမှုကို လျှော့ချပေးသဖြင့် စွမ်းအင်ကိုချွေတာရာရောက်သည့်အပြင် ငွေကြေးနှင့်  သဘာဝ အရင်းအမြစ်များကို ချွေတာရာလည်းရောက်သည်။ ကျောက်မီးသွေး၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုကို လျှော့ချပေး သည်။ ထို့ကြောင့် ယနေ့ကာလတွင် ပတ်ဝန်းကျင် ဆိုင်ရာစီမံခန့်ခွဲမှုကို  မြှင့်တင်နိုင်ရန်အတွက် အသုံးပြုမှုကို  လျှော့ချခြင်း၊  ပြန်လည်အသုံးပြုခြင်းနှင့် အဟောင်းကို ပြန်လည်ပြုပြင်သုံးစွဲခြင်းဟူသည့် လုပ်ငန်းစဉ်သုံးရပ်သည် ကမ္ဘာကြီး၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်းများစွာထံမှ တစ်နှစ်လျှင် အမှိုက်တန်ချိန် နှစ်ဘီလီယံကျော် ထွက်ရှိနေသော်လည်း ယင်းတို့ထဲမှ ၃၃ ရာခိုင်နှုန်းသည် ဘေးကင်းသောနည်းလမ်းဖြင့် စွန့်ပစ်ခြင်း မဟုတ်ပေ။ အကျိုးဆက်အဖြစ် မြေဆီလွှာညစ်ညမ်းမှုနှင့် အမှိုက်များကို မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။

 

ပလတ်စတစ်များနေရာတွင် အစားထိုးအသုံးပြု

 

ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် စွန့်ပစ်ခဲ့သော ပစ္စည်းများသည် စုစုပေါင်းတန်ချိန် ၂ ဒသမ ၁၂ ဘီလီယံအထိ ရှိသည်။ ယင်းတို့အနက် ပင်လယ်သမုဒ္ဒရာအားလုံးသို့ စွန့်ပစ်နေသည့် ပလတ်စတစ်တန်ချိန်ပေါင်း နှစ်သိန်းခွဲခန့် ရှိကြောင်းသိရသည်။ ပြန်လည်အသုံးပြုသည့် ပစ္စည်းများအရေအတွက်မှာ မပြောပလောက်သော ပမာဏခန့်သာရှိသည်။ ဖန်ပစ္စည်းကဲ့သို့သော လူ့အသုံးအဆောင်များသည် တာရှည်ခံခြင်း၊ အရည်အသွေး ပြောင်းလဲမှုမရှိခြင်းကြောင့် လူအများအနေဖြင့် ပလတ်စတစ်များနေရာတွင် အစားထိုးအသုံးပြုသင့်သည်။ ဖန်ပုလင်းတစ်လုံးကို ပြန်လည်အသုံးပြုခြင်းသည် ၁၀၀ ဝပ် မီးသီးကို လေးနာရီကြာထွန်းရန်၊ ကွန်ပျူတာသုံးရန် မိနစ် ၃ဝ သို့မဟုတ် တီဗွီတစ်လုံး မိနစ် ၂ဝ ကြာ ကြည့်ရှုရန်အတွက် လုံလောက်သောစွမ်းအင်ကို သက်သာစေခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ပြန်လည်အသုံးပြုသော သတင်းစာတစ်တန်လျှင် သစ်ပင် ၁၇ ပင် ဆုံးရှုံးမှုကို ကာကွယ်နိုင်သဖြင့် သတင်းစာဟောင်းများနှင့် မဂ္ဂဇင်းဟောင်းများသည်လည်း ပြန်လည်အသုံးပြုရန် အသင့်တော်ဆုံးပစ္စည်းများဖြစ်သည်။

 

လက်ရှိတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အကောင်းဆုံးနိုင်ငံမှာ ဂျာမနီ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာပေါ်တွင် ပြန်လည်အသုံးပြုမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်လုပ်ခဲ့သော အမှိုက်အားလုံး၏ ၅၆ ဒသမ ၁ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်ခဲ့သည်။ ဩစတြီးယားနိုင်ငံက ၅၃ ဒသမ ၈ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံက ၅၃ ဒသမ ၇ ရာခိုင်နှုန်း တို့ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။ တူကီယဲနှင့် ချီလီတို့သည် စွန့်ပစ်ပစ္စည်းစုစုပေါင်း၏ တစ် ရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးပြုကြကြောင်း အစီရင်ခံစာအချို့၌ ဖော်ပြထားသည်။ စီမံခန့်ခွဲမှု ညံ့ဖျင်းသော စွန့်ပစ်အမှိုက်များသည် ကမ္ဘာ့သမုဒ္ဒရာများကို ညစ်ညမ်းစေခြင်း၊ ရေမြောင်းများ ပိတ်ဆို့ခြင်း၊ ရေကြီးခြင်း၊ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ မီးရှို့မှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ တိုးပွားလာခြင်း၊ အမှိုက်မှန်းမသိလိုက်ဘဲ စားသုံးမိသော တိရစ္ဆာန်များကို အန္တရာယ်ရှိစေခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ စွန့်ပစ်ပစ္စည်းများအပေါ် စနစ်တကျ စီမံခန့်ခွဲရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ရာ အများပြည်သူတို့အနေဖြင့်လည်း မိမိတို့နေအိမ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ ထွက်ရှိမှုနှုန်းကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြုပြင်အသုံးပြုခြင်းတို့ကို အလေးထားလုပ်ဆောင်ကြရန် လိုအပ်သည်။

 

လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါရှိမှုနှုန်း စံချိန်သစ်များပြား

 

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရလွယ်သည့် ဆင်းရဲနွမ်းပါးသော နိုင်ငံများပါဝင်သည့် အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၈ဝ တို့က ရုပ်ကြွင်းလောင်စာသုံးစွဲမှု အဆင့်ဆင့် လျှော့ချရပ်ဆိုင်းရေး သဘောတူညီချက်ရယူရေးအတွက် COP 28 ညီလာခံ၌ တောင်းဆိုခဲ့ကြသည်။ မျက်မှောက်ကာလတွင် နိုင်ငံအများ အပြားသည် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့်ရုပ်ကြွင်း လောင်စာများအပေါ် မှီခိုလွန်းသဖြင့် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါရှိမှုနှုန်း စံချိန်သစ်များပြားလာသည်။ ပျမ်းမျှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများသည် စက္ကန့်တိုင်းတွင် တန်ချိန် ၁၇ဝဝ ခန့်ဖြင့် ၎င်းနှင့်ပမာဏတူ အခြားဓာတ်ငွေ့များကို ထုတ်လွှတ်နေပြီး ရုပ်ကြွင်းလောင်စာ အသုံးပြုမှု အများဆုံးနိုင်ငံများမှာ အစဉ်လိုက်အားဖြင့် တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ ကနေဒါ၊ ဂျာမနီ နှင့် အီရန်တို့ ဖြစ်သည်။ စွမ်းအင်နှင့် သန့်စင်သော လေထုဆိုင်ရာ သုတေသနစင်တာ (CREA)နှင့် Greenpeace ၏ အရှေ့တောင်အာရှဆိုင်ရာအဖွဲ့တို့ ၏ ၂ဝ၂ဝ ပြည့်နှစ် နှစ်ဆန်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ရုပ်ကြွင်း လောင်စာများကြောင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားရသည့် လေထုညစ်ညမ်းမှု တစ်ခုတည်းကြောင့် တစ်နေ့လျှင် ဒေါ်လာ ရှစ်ဘီလီယံ သို့မဟုတ် ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု၏ အကြမ်းဖျင်း သုံးရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယင်းလောင်စာ လောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသည့် အမှုန်အမွှားများကြောင့် နှစ်စဉ် အချိန်မတိုင်မီ သေဆုံးသူအရေအတွက်သည် တရုတ် တွင် ၁ ဒသမ ၈ သန်း၊ အိန္ဒိယတွင် တစ်သန်း အပါ အဝင် ကမ္ဘာတစ်ဝန်း သေဆုံးသူစုစုပေါင်း ၄ ဒသမ ၅ သန်းရှိကြောင်း ဖော်ပြထားသည်။

 

ကုလသမဂ္ဂအနေဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည် ဖော်နေသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံအချို့၏ စီးပွားရေးလောဘကြောင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အလှမ်းဝေးနေဆဲဖြစ်သည်။ COP 28 ညီလာခံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှု မြှင့်တင်ရေးကို ရုပ်ကြွင်းလောင်စာ အသုံးပြုမှုအများဆုံးနိုင်ငံအချို့က အလေးပေးထောက်ခံလင့်ကစား ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျှော့ချရပ်ဆိုင်းရေး တောင်းဆိုချက်ကိုမူ အတိအလင်း ထောက်ခံခြင်းမရှိပေ။ တစ်နေ့တခြား ယိုယွင်းပျက်စီးနေသောကမ္ဘာကြီး ရေရှည်တည်တံ့ရေးအတွက် လုပ်ဆောင်ရန်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်မှတစ်ပါး အခြားမရှိပေ။ ကမ္ဘာ့နိုင်ငံများအားလုံးနီးပါး လက်ခံထား သော ပဲရစ်သဘောတူညီချက်အရ စက်မှုခေတ် မတိုင်မီကရှိခဲ့သော ကမ္ဘာ့အပူချိန်ထက် ၂ ဒီဂရီ မကျော်လွန်စေရေးနှင့် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီထက် ပို၍မမြင့်တက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်မှာ ရုပ်ကြွင်းလောင်စာများကို လျှော့ချ၍ ပြန်ပြည့်မြဲစွမ်းအင်များကို တိုးတက်ထုတ်လုပ်ရေးပင် ဖြစ်သည်။

 

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု ထိပ်သီးညီလာခံ (COP 28) တွင် ရုပ်ကြွင်းလောင်စာသုံးစွဲမှု အဆင့်ဆင့် လျှော့ချရပ်ဆိုင်းရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများအကြား အငြင်းပွားခဲ့ကြသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)တွင် ကျင်းပပြီးစီးခဲ့သော ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံ (COP 28) ၌ သီတင်းနှစ်ပတ်ကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် ရာသီဥတုပြောင်းလဲမှုပြဿနာ၏ အဆိုး ရွားဆုံးအကျိုးဆက်များကို ရှောင်လွှဲနိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာသုံးစွဲမှု စတင်လျှော့ချရေး သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါး မှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စက်တပ်ဆင်အင်အားကို သုံးဆအထိ မြှင့်တင်ရန်အတွက်လည်း လုပ်ငန်းစဉ်ချမှတ်နိုင်ခဲ့သည်။

 

ရေနံထုတ်လုပ်တင်ပို့သူ  နိုင်ငံများအသင်း (အိုပက်)၏ ပြင်းထန်သောကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရ

 

COP 28 သဘောတူညီချက် လက်မှတ်ရေးထိုးထားသော နိုင်ငံများအနေဖြင့် အမျိုးသားရေးမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့မှတစ်ဆင့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ညီလာခံတွင် ရေနံသုံးစွဲမှုကို အဆင့်ဆင့်လျှော့ချရေးအတွက် ခိုင်မာပြင်းထန်သော ဝေါဟာရများ အသုံးပြုရန် နိုင်ငံပေါင်း ၁ဝဝ ကျော်တို့က ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြသော်လည်း ဆော်ဒီအာရေဗျ ဦးဆောင်သော ရေနံထုတ်လုပ်တင်ပို့သူ နိုင်ငံများအသင်း (အိုပက်) ၏ ပြင်းထန်သော ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ညီလာခံတွင်ရရှိခဲ့သော သဘောတူညီချက်သည် တစ်ချိန်ချိန်တွင် ရေနံခေတ်နိဂုံးချုပ်သွားနိုင်မှုကို ပြသနေသော ပထမဆုံး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ဖြစ်၍ ကြိုဆိုရမည့်ကိစ္စဖြစ်သည်။

 

ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများနှင့် ယာဉ်ယန္တရားများမှစွန့်ထုတ်သော အခိုးအငွေ့များကြောင့် ကမ္ဘာ့ရေထု၊ မြေထုနှင့် လေထုတို့အားလုံး ညစ်ညမ်းလျက်ရှိသည်။ ရုပ်ကြွင်းလောင်စာများကို လွန်ကဲစွာမှီခိုအသုံးပြုမှုကြောင့် ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထွက်ရှိကာ ကမ္ဘာ့အပူချိန်ကို မြင့်တက်စေလျက် ရှိသည်။ ရေရှည်တည်တံ့ခိုင်မာမှုမရှိသည့် သစ်တော စီမံခန့်ခွဲမှု အလေ့အထများကြောင့် နေရာဒေသအနှံ့အပြားတွင် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလျက်ရှိသည်။ ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုကို စိတ်ပျက်အားလျော့ဖွယ် ရာ အနေအထားဖြင့် ခုခံနေရသည်။

 

ညီလာခံအနေဖြင့် ရာသီဥတုပြောင်းလဲမှုအခြေအနေများကို ကုစားနိုင်ရန် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှု အချိုးတိုးမြှင့်ခြင်းများကို သဘောတူညီမှုရရှိခဲ့သော်လည်း တစ်ဟတ်တာလျှင် ကာဗွန်ဓာတ်ငွေ့ ၄ ဒသမ ၅ တန်မှ ၁ဝ ဒသမ ၉ တန်အထိ စုပ်ယူပေးနိုင်သည့် သစ်တောများကို စနစ်တကျထိန်းသိမ်း၍ အပင်သစ် များ ထပ်မံစိုက်ပျိုးခြင်းကိုလည်း အလေးထားအကောင် အထည်ဖော်ရန် လိုအပ်နေသည်။ ကာဗွန်ဒိုင်အောက် ဆိုက်အများအပြားကို စုပ်ယူထားနိုင်သည့် ကမ္ဘာ တစ်ဝန်းရှိ သစ်တောများပြုန်းတီးနေမှုက ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကို တွန်းအားပေးလျက်ရှိသည်။

 

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ငါးနှစ်တစ်ကြိမ် ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ကမ္ဘာ့သစ်တောများ ပျက်စီးဆုံးရှုံးမှု နှုန်းသည် ၁၉၉ဝ-၂ဝဝဝ ပြည့်နှစ်တွင် တစ်နှစ်လျှင် ဟက်တာ ၇ ဒသမ ၈ သန်း၊ ၂၀၀၀-၂၀၁၀ ပြည့်နှစ် အတွင်း တစ်နှစ်လျှင် ဟက်တာ ၄ ဒသမ ၇ သန်းရှိခဲ့ ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်က ကျင်းပခဲ့သော COP 26 ထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘာတစ်ဝန်း သစ်တောပြုန်းတီးမှုကို ၂၀၃၀ ပြည့်နှစ်တွင် ရပ်တန့်ရန် နိုင်ငံပေါင်း ၁ဝဝ ကျော်က သဘောတူညီခဲ့ကြ သည်။ နိုင်ငံအများအပြားသည် အဆိုပါကတိကဝတ်များအပေါ် မျက်ကွယ်ပြုနေကြဆဲ ဖြစ်သည်။ COP 28 ညီလာခံ၏ သဘောတူညီချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို အပြုသဘောဖြင့် ကြိုဆိုရမည်ဖြစ်သော်လည်း ပေးထားသော ကတိ ကဝတ်များ အဟောသိကံဖြစ်၊ မဖြစ်ဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။