ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာ့ခေါင်းဆောင်များထံ ကုလအတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ

၂၂ သြဂုတ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်သည်  ကမ္ဘာကြီးပူနွေးလာမှု ကိုင်တွယ်ဖြေရှင်းရေး အရှိန်မြှင့်တင်ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များထံ မေတ္တာရပ်ခံရန် ယခုလနှောင်းပိုင်းတွင် စီစဉ်ထားကြောင်း သိရသည်။

လာမည့်သီတင်းပတ်တွင် တိုကျိုအနီး ယိုကိုဟားမား၌ ကျင်းပမည့် အာဖရိက ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် တိုကျိုနိုင်ငံတကာညီလာခံနှင့် ယခုသီတင်းပတ် စနေနေ့နှင့် တနင်္ဂနွေနေ့တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲသို့ ဂူတာရတ်စ် တက်ရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

ဂျီ- ၇ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း  ဇီဝမျိုးစုံမျိုးကွဲအပေါ် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးရန် ကဏ္ဍတစ်ရပ်တွင် ဂူတာရတ်စ် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး  ဂျီ-၇ ခေါင်းဆောင်များနှင့်အတူ သီးခြားတွေ့ဆုံမည်ဟု ၎င်းကပြောကြားခဲ့သည်။

ဂူတာရတ်စ်သည် ဂျပန်အစိုးရက လက်ခံကျင်းပသော အာဖရိက ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် တိုကျိုနိုင်ငံတကာညီလာခံ ကာလအတွင်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများကို ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးစေရေး ၊ ရာသီဥတုပြောင်းလဲမှု ကင်းဝေးစေမည့်အစီအမံများနှင့်ပတ်သက်ပြီး ပြောကြားမည်ဖြစ်သည်။ ၎င်းသည် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမှုသည် မျှော်မှန်းသည်ထက် အရှိန်မြှင့်ကာ ပိုမိုမြန်ဆန်လာသဖြင့် စိုးရိမ်ပူပန်ကြောင်း ဂူတာရတ်စ်က ထုတ်ဖော်ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကျင်းပမည့် ရာသီဥတု သက်ရောက်မှု ထိပ်သီးအစည်းအဝေးတွင် ပါဝင်ဆောင်ရွက်ကြရန် ဂူတာရတ်စ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များကို မေတ္တာရပ်ခံထားသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို