သီဟစည်သူ

 

ယနေ့ကမ္ဘာ့နိုင်ငံအများစုတွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ရင်ဆိုင်ရလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂက လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်တွင် ကန့်သတ်ထားနိုင်ရေး သဘောတူညီချက်ကို ဒိဋ္ဌအောင်မြင်အောင် အကောင်အထည်ဖော်ရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း သတိပေးထားသည်။

 

လက်ရှိကမ္ဘာကြီး၏ အပူချိန်သည် ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ ပူနွေးလျက်ရှိကြောင်း ၂၀၂၁ ခုနှစ် ကမ္ဘာ့အပူ ချိန်အစီရင်ခံစာအရ သိရသည်။ အဆိုပါ အပူချိန်သည် စက်မှုမထွန်းကားမီကာလ ၁၈၅၀ ပြည့်လွန်နှစ်များ၏ ပျမ်းမျှအပူ ချိန်ကိုအခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ကမ္ဘာကြီးယခုထက် ပိုမို ပူနွေးလာပါကပြင်းထန်ဆိုးရွားလှသည့် ရာသီဥတုဆိုင်ရာ ကမောက်ကမဖြစ်မှု များကို ပိုမိုရင်ဆိုင် လာရတော့မည်ဖြစ် ကြောင်း ရာသီဥတုပြောင်းလဲမှု လေ့လာ စောင့်ကြည့်ရေးဆိုင်ရာ သုတေသီများက ခန့်မှန်းတွက်ချက်ထားသည်။

 

နောက်ဆက်တွဲဆိုးကျိုးများ

 

ထိုသို့ ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များ၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် အပူလှိုင်းဖြတ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေခဲတောင်များ အရည် ပျော်လာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၏ နေရင်းဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဆိုးရွားသော ရာသီဥတုများ ကြောင့် အစားအစာနှင့် သောက်သုံးရေ ရှားပါးလာခြင်း အစရှိသည်တို့ကို ပိုမို တွေ့ကြုံခံစားရလျက်ရှိသည်။

 

ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မြန်မာနိုင်ငံ၌ ပျမ်းမျှအပူချိန်များ မြင့်တက်လာခြင်း၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန် မြင့်တက်လာခြင်းနှင့် အနောက်တောင် မုတ်သုံလေ ဝင်ရောက်ချိန် နောက်ကျ၍ အထွက်စောခြင်းကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း နှစ်စဉ် ပျမ်းမျှ မိုးရွာသွန်းရက် ၁၂၀ ကျော်အထိ တိုတောင်းလာခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

 

ယခု လတ်တလော၌ပင် အာဖရိက ဦးချိုဒေသတွင်း နိုင်ငံများဖြစ်သည့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာ နိုင်ငံတို့ရှိ လူဦးရေ ၁၈ ဒသမ ၄ သန်း ကျော်သည် ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် လေးနှစ်ဆက်တိုက် မိုးခေါင်ရေရှား မှုကြောင့် စားနပ်ရိက္ခာ မလုံလောက်မှု နှင့် လူဦးရေ ၁၂ သန်းခန့်သည် သောက်သုံးရေ ပြတ်လပ်မှုများကို ခံစား ရလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထုတ် ပြန်ထားသည်။ အဆိုပါ နိုင်ငံများရှိ ကလေးငယ် ၁ ဒသမ ၇ သန်းခန့်နှင့် နို့တိုက်မိခင် ၁၃၄၀၀၀ မှာ ပြင်းထန်သည့် အာဟာရ ချို့တဲ့မှု ဝေဒနာခံစားနေရသည့်အတွက် ကုသမှုများ ချက်ချင်းဆောင်ရွက်ရန် လိုအပ်နေသည်။ မိုးခေါင်ရေရှားမှုကြောင့် ကင်ညာနိုင်ငံ တစ်ခုတည်း၌ပင် ငတ်မွတ်မှုဒဏ်ခံနေရသူ ၄ ဒသမ ၁ သန်းအထိ ရှိနေပြီဖြစ်ကြောင်း အမျိုးသား မိုးခေါင်ရေရှားမှု စီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့(NDMA)က ယခုတစ်ပတ်အတွင်း ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ထို့အတူ မိုးခေါင်ရေရှားမှု ဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်ကောင်ရေ တစ်သန်းကျော် သေဆုံးသွားခဲ့ ပြီးဖြစ်ကာ မိုးခေါင်ရေရှားမှုဒဏ် ပိုမိုဆိုးရွားလာမှုကြောင့် တိရစ္ဆာန်များ သေဆုံးမှု ဆက်လက်တိုးလာဦးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများက သတိပေးထားသည်။ အလားတူ ဇွန်လအတွင်း၌ပင် တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ထောင်စုပေါင်း ၂၇၄၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။ တစ်ချိန်တည်း၌ပင် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၅၀ ကျော်ရှိပြီး ရေဘေးသင့်သူ ၃ သန်း ကျော်ရှိနေပြီဖြစ်ကြောင်း သတင်းများ တွင် ဖတ်ရှုရသည်။

 

ကြိုတင်ကာကွယ်

 

ယင်းကဲ့သို့ ကမ္ဘာကြီးပူနွေးလာမှု နှင့် နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် သစ်တော သယံဇာတများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် အထောက် အကူဖြစ်စေရန် ရည်ရွယ်ပြီး အမျိုးသား သစ်တောကဏ္ဍနှစ် (၃၀) ပင်မစီမံကိန်း၊ ခရိုင်သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်လျက် ရှိကြောင်း သိရသည်။

 

ထို့အတူ ၂၀၁၅ ခုနှစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ကတိ ကဝတ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍအတွက် အရေးကြီးသည့် လုပ်ငန်း စဉ်တစ်ရပ်ဖြစ်သည့် အမျိုးသားသစ်တော ကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းတို့ကို အကောင်အထည်ဖော်သည့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်း ကို ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော များအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်း ကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အထိ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ၄၀၄၁၅၈ဧက၊ သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၈၁၈၀၄ ဧက ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် ယနေ့အထိ မြန်မာ နိုင်ငံတွင် ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ် တော ဧရိယာ ၄၃၁၁၁၇၀၅ ဧက၊ နိုင်ငံ့ ဧရိယာ၏ ၂၅ ဒသမ ၇၉ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေ ဧရိယာ ၁၀၇၅၀၆၂၅ ဧက နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းသတ်မှတ် နိုင်ခဲ့ပြီးဖြစ်သည်။ 

 

ဥတုပြောင်းလဲမှု လျှော့ချနိုင်

 

ထိုကဲ့သို့ ဖွဲ့စည်းသတ်မှတ်နိုင်ခြင်းကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊ မျိုးဆက်ပျက်သုဉ်းမှု အန္တရာယ်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် အပင်မျိုးစိတ်များကို ကာကွယ်ထိန်းသိမ်း နိုင်ခြင်း၊ ဂေဟစနစ် ပိုမိုကောင်းမွန်စေပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာခြင်း၊ သဘာဝရေထွက်များနှင့် ရေဝေရေလဲဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကို တားဆီးကာကွယ်နိုင်ခြင်း၊ သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ်နိုင်ခြင်းနှင့် သစ်တောထွက် ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရည်မှန်းချက်အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ရေအားနှင့် ဆိုလာစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၉ ရာခိုင်နှုန်း ထုတ်လုပ်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကျေးလက် နေထိုင်သည့် လူဦးရေသည် ၇၀ ရာခိုင်နှုန်း ခန့်ရှိသည့်အတွက် ၎င်းတို့၏ လယ်ယာ လုပ်ငန်းများ၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် မဖြစ်မနေ လုပ်ဆောင်နေရသည့် တောင်ယာခုတ်ခြင်း၊ တောမီး ရှို့ခြင်းတို့နှင့် နေ့စဉ်ထမင်း၊ ဟင်းချက် ပြုတ်ရာတွင် ထင်းနှင့် မီးသွေးကဲ့သို့ လောင်စာများကိုသာ အဓိကအသုံးပြုရ လျက်ရှိသည်။ ထို့သို့တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်းနှင့် လောင်စာအတွက် ထင်းခုတ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဖြစ်ပွားမှုတို့ကြောင့် မီးခိုးမြူ ငွေ့များ ထွက်ရှိခြင်းနှင့် သစ်တော ပြုန်းတီးမှုများကို မဖြစ်မနေ ရင်ဆိုင်ရလျက်ရှိသည်။

 

ထို့ကြောင့် သစ်တောသယံဇာတများ ထိန်းသိမ်းခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းဆောင်ရွက်ခြင်းနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ ပိုမိုထုတ်လုပ် အသုံးပြု လာနိုင်သည်နှင့်အညီ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများကို ထိရောက် စွာ လျှော့ချလာနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

 

ထို့အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါလှသည့် အမှိုက်စွန့်ပစ်မှု၊ စီမံခန့်ခွဲမှုစနစ်ကိုပါ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မည်ဆိုပါက နိုင်ငံသန့်ရှင်းရေး၊ သာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် များစွာအကျိုး ရှိမည် ဖြစ်သည်။ နေ့စဉ် တန်ချိန်ပေါင်း များစွာထွက်ရှိနေသည့် အမှိုက်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရေး စီမံချက်ကို တစ်ဦးတစ်ယောက်ချင်းစီက ပူးပေါင်းပါဝင်ပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။

 

ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင်

 

ထို့ကြောင့် ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင်ကို ရရှိပိုင်ဆိုင်နိုင် ရေးအတွက် ကမ္ဘာ့ပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် လိုက်နာဆောင်ရွက် လျက်ရှိသည့် Reduce - ပလတ်စတစ်နှင့် အမှိုက်ဖြစ်စေသည့် အရာများအား လျှော့ချသုံးစွဲခြင်း၊ Reuse - ပြန်လည် အသုံးပြုနိုင်သည့် ပစ္စည်းများကို ပြန်လည်သုံးစွဲခြင်းဖြင့် အမှိုက်မဖြစ်အောင် လျှော့ချခြင်းနှင့် Recycle - အသုံးပြုပြီးသောပစ္စည်းများကို ပြန်လည် တီထွင်အသုံးပြုခြင်း၊ အမှိုက်မှ လျှပ်စစ် ဓာတ်အား ပြန်လည်ထုတ်ယူခြင်းစသည့် 3Rs ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ တစ်ခုတည်းသော ကမ္ဘာမြေကြီး ရေရှည်ရပ်တည်နိုင်ရေး၊သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးနှင့် ကမ္ဘာ့ကြီးပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများအား ကြိုတင်ကာကွယ်နိုင်ရေး ပိုမိုထိရောက်စွာအကျိုးပြုနိုင်မည် ဖြစ်ပေသည်။ ။