မော်စကို၊ နိုဝင်ဘာ ၉
တရုတ်-ရုရှား နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ သာယာဝပြောရေး၊ တည်ငြိမ်ရေးတို့အတွက် ရုရှားနိုင်ငံနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နိုဝင်ဘာ ၈ ရက်၌ မော်စကို မြို့တွင်တွေ့ဆုံစဉ် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Zhang Youxiaက ပြောကြားသည်။
မိမိတို့နှစ်နိုင်ငံ၏ မိတ်ဆွေအဖြစ် တည်ရှိနေမှုသည် ဒေသတွင်းနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူပြုကြောင်း ပူတင်ကမှတ်ချက်ပြုပြောကြားသည်။ တရုတ်-ရုရှား နှစ်နိုင်ငံအကြား ပြီးခဲ့သည့် နှစ်များအတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ကူးလူးဆက်ဆံရေးများတွင် တိုးတက်မှုများရရှိခဲ့ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS နှင့် ကုလသမဂ္ဂတို့မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပူတင်က ထပ်လောင်းပြောကြားသည်။ ထို့ပြင် မိမိတို့နှစ်နိုင်ငံအကြား တပ်မတော်များ အချင်းချင်း နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ထိုပူးပေါင်းဆောင်ရွက်မှုများမှ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုသည် အချိန်နှင့်အမျှ စဉ်ဆက်မပြတ် တိုးတက်ခိုင်မာလာကြောင်း Zhang က မှတ်ချက်ပြုခဲ့သည်။ ယခုနှစ်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် အောင်မြင်သောတွေ့ဆုံမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အရေးကြီးသော သဘောတူညီမှုများ ဆက်တိုက်ရရှိကာ တရုတ်-ရုရှား ဆက်ဆံရေးအတွက် အသေးစိတ် ပုံစံသစ်ကို ရေးဆွဲခဲ့ကြောင်း သိရသည်။
တရုတ်-ရုရှားတပ်မတော်နှစ်ရပ်ကြား ခိုင်မာသော ဆက်ဆံရေးသည် တရုတ်-ရုရှား ဆက်ဆံရေး၏ အရေးကြီးသော သင်္ကေတတစ်ခု ဖြစ်ကြောင်းနှင့် မကြာသေးမီနှစ်များအတွင်း တရုတ်-ရုရှား စစ်ဘက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များအကြားရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုကို အကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံ တပ်မတော်များအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို ပူးပေါင်းကာကွယ်ရန်နှင့် ကမ္ဘာကြီးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန်အတွက် ရုရှားနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိ ကြောင်း Zhang က ထပ်လောင်းပြောကြားသည်။
ကိုးကား - စီဂျီတီအင်န်၊
ဘာသာပြန် - စိုးသူရ