ရန်ကုန် ၁၉ ဇူလိုင်
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းများနှင့် လူသားချင်း စာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က "ဒီနေ့ ခရီးစဉ်ကတော့ WFP ရဲ့(၁၁) ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ WHO က ဝယ်ယူထားတဲ့ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျွမ်းကျင်ပညာရှင် ဝန်ထမ်းတွေလိုက်ပါလာပါတယ်။ မြန်မာနိုင်ငံအစိုးရ အနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေကို စနစ်တကျနဲ့ ဆောင်ရွက်နေသလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အဲဒီလိုဆောင်ရွက်နေတဲ့အခါမှာ WFP အနေနဲ့ ပါဝင်ကူညီခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟုပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က"မြန်မာနိုင်ငံရဲ့ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုမှာ WHO အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်တွေ၊ ထောက်ပံ့မှုတွေနဲ့အတူ စဉ်ဆက်မပြတ် လက်တွဲဆောင်ရွက်နေမှုတွေပြုလုပ်နေပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေဟာ အကောင်းဆုံးအနေ အထားမှာရှိနေတာကို တွေ့မြင်ရပါတယ်" ဟုပြောသည်။
ယနေ့ခရီးစဉ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ထောက်ပံ့ကူညီမည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းများနှင့် အတူ UN ၊ ICRC ၊ GIZ ၊ DFID စသည့်နိုင်ငံတကာ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသားများ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုများနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်း (၃၈) ဦးလိုက်ပါလာသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန် နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်း စာနာထောက်မှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ အစီအစဉ်ကို မေ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ခရီးစဉ်မှာ ၁၁ ကြိမ်မြောက်ခရီးစဉ်ကြောင်း WFP မှသိရသည်။
WFP ၏အဆိုပါ အစီအစဉ် သည် ကမ္ဘာအနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေးဗဟိုဌာန (Logistics Hubs) များနှင့် ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိနေသည့် နိုင်ငံများဆီသို့ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာ ပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်း နှင့်ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


