ဂျီနီဗာ ၂၆ မေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ငှက်ဖျားတိုက်ဖျက်ဆေးဖြစ်သည့် ဟိုက်ဒရောက်စီကလိုရိုကွင်းဆေးကို ကိုဗစ်- ၁၉ ကုသဆေးအဖြစ် ဆေးရုံ၊ ဆေးခန်းများတွင် အသုံးမပြုရန် တားမြစ်လိုက်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် မေ ၂၆ ရက်က ဖော်ပြလိုက်သည်။
ကိုဗစ်-၁၉ ကို ကုသသည့်နေရာတွင် ဟိုက်ဒရောက်စီ ကလိုရို ကွင်းဆေးဖြစ်ဖြစ်၊ ကလိုရိုကွင်းဆေးဖြစ်ဖြစ်အသုံးပြုလျှင် ရလာမည့်အကျိုး ကျေးဇူးများကို အတည်မပြုနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ သုတေသီများက သောကြာနေ့က ဖော်ပြလိုက်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ယခုလို တားမြစ် လိုက်ခြင်းဖြစ်သည်။
ငှက်ဖျားတိုက်ဖျက်ဆေးဖြင့် ကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၉၆၀၀၀ တို့၏ အချက်အလက်များကို သုတေသီများက သုတေသနပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲကအချို့တွင် နှလုံးခုန်နှုန်းပုံမှန် မဟုတ်ကြောင်း ဖော်ပြခဲ့ကြသည်။
ကမ္ဘာ့ကျန်းမာရေးအေဂျင်စီအနေဖြင့် လတ်တလောတွင် စိတ်ချ ရလောက်သည့် အနေအထားမတွေ့ရမချင်း ဟိုက်ဒရောက်စီ ကလိုရိုကွင်းဆေးကို ကိုဗစ်-၁၉ ကုသမှုတွင် အသုံးမပြုဘဲ ရပ်ထားရန် ပြောကြားထားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ် တက်ဒရော့စ် ဂီဘရီယက်စ်ဆုစ်က သတင်းထောက်များကို တနင်္လာနေ့က ပြောကြားလိုက်သည်။
ထို့အပြင် ငှက်ဖျားဆေးများသည် ကိုယ်တွင်း၌သဘာ၀အရ ရှိနေသော အရာများကို ဆန့်ကျင်သည့် ပဋိပစ္စည်းများကြောင့်ဖြစ်သော ရောဂါများနှင့် ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရာတွင် အသုံးပြု နိုင်ကြောင်း ၎င်းက ပြောကြားလိုက်သည်။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၎င်းအနေဖြင့် ရမ်ဒီဆီဗာ အပါအဝင် တခြားစစ်ဆေးမှုများကိုလည်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အင်န်အိတ်ခ်ျကေ