နေပြည်တော်  ၁၆   ဒီဇင်ဘာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချီးမြှင့်သည့်  Dr. Lee Jong-Wook memorial Prize for Public Health(2019) ဆုတံဆိပ်နှင့် မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ကျင်းပ သည်။

အခမ်းအနားတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး တိုင်းရင်းဆေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချီးမြှင့်သည့်  Dr. Lee Jong-Wook memorial Prize for Public Health(2019) ဆုတံဆိပ်နှင့် မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက ဆုတံဆိပ်နှင့် မှတ်တမ်းများလွှဲပြောင်း ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချီးမြှင့်သည့်  Dr. Lee Jong-Wook memorial Prize for Public Health(2019)ဆုကို တိုင်းရင်းဆေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်း ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပင်ဦးကျေးလက် ကျန်းမာရေးဌာန ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု  ဆေးခန်းတွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အခြေအနေများကို ရေးသားပြုစုပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆိုပါဆုကို အိန္ဒိယနိုင်ငံမှ Professor Balram Bhargava နှင့်အတူ ပူးတွဲ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချီးမြှင့်သောဆုများကို ၁၉၈၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အရာတော်မြို့နယ်မှ ဒေါက်တာသန်းစိန် ဦးဆောင်သောအဖွဲ့က Sasakawa Health Prizeဆုနှင့် ၂၀၀၇ ခုနှစ်တွင် ဒေါက်တာ သန်းထွန်းစိန်က The Leon Bernard Foundation Award ဆုတို့ကို ရရှိခဲ့ပြီး ယခုဆုသည် တတိယအကြိမ်မြောက် ရရှိခြင်းဖြစ်ကြောင်း သိရသည်။

မျိုးသူဟိန်း၊ ဂျိုင်းလော