ဂျီနီဗာ ဇွန် ၁၆

 

မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို အနီးကပ်စောင့်ကြည့်ရန်နှင့် ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေးအပေါ် စိုးရိမ် ပူပန်ရခြင်း ရှိ၊ မရှိ အကဲဖြတ်ရန်လာမည့် ရက်သတ္တပတ်အတွင်း အရေးပေါ် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

ပြောကြားခဲ့  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့အက်ဒါနွမ်ဂါဘရီယီဆက်က အဆိုပါဆုံးဖြတ်ချက်ကို ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၆၀၀ ကျော်ရှိကြောင်းနှင့် အဆိုပါရောဂါ သံသယရှိသူ ၁၅၀၀ နီးပါးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

 

အဆိုပါရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ကူးစက်မှု တွေ့ရှိရသော်လည်း ယခုအချိန်တွင် အနောက်နိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

 

မျောက်ကျောက်ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်သည် ယခင်နှင့်အသွင်မတူတော့ဘဲ ယခုအချိန်တွင် ကွဲပြားခြားနားမှု ရှိနေပြီမှာ သိသာထင်ရှားကြောင်းနှင့် ကမ္ဘာ့နိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့နေ ပြီဖြစ်သည့်အတွက် ရောဂါကူးစက်မှု ဆိုင်ရာ ကိုင်တွယ်ထိန်းချုပ်မှုနှင့် တုံ့ပြန်မှုများကို နိုင်ငံအချင်းချင်း ဖလှယ်ကြရန် အရေးကြီးကြောင်း ဂါဘရီယီဆက်က ဆိုသည်။

 

အရေးပေါ်ကော်မတီ အစည်းအဝေးကို ဇွန် ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံအများအပြားမှ ကျွမ်းကျင်ပညာရှင် များအား ဖိတ်ကြားထားကြောင်း သိရသည်။

 

ယခင်ကလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် အီဘိုလာနှင့် ပိုလီယိုရောဂါ ဖြစ်ပွားမှုအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများကို ကြေညာခဲ့သည်။

 

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဆိုင်ရာ အရေးပေါ်အခြေအနေများကို ကြေညာခဲ့ကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်