ဗျူနိုအေရိစ် မတ် ၁၈

 

အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မတ် ၁၇ ရက်တွင် တရားဝင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပါဘလိုကွီနိုကပြောသည်။ အာဂျင်တီးနားနိုင်ငံသည် အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထံစာပို့၍ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်တွင် အကြောင်းကြားအသိပေးခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာပေါ်တွင် ၎င်းကပြောကြားခဲ့သည်။

 

ဗီယင်နာ သဘောတူစာချုပ်များဆိုင်ရာ ကွန်ဗင်းရှင်းအရ အဆိုပါ နုတ်ထွက်ခြင်းသည် အကြောင်းကြားစာ ပေးပို့ပြီးနောက် တစ်နှစ်အကြာတွင် အကျိုးသက်ရောက်သည်။

 

ဒေသတွင်းဖိုရမ်များနှင့် နှစ်နိုင်ငံသဘောတူညီမှုများမှတစ်ဆင့် ကျန်းမာရေးနယ်ပယ်တွင် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ပေးသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက စတင်၍ ကြေညာခဲ့သည်။

 

ကုလသမဂ္ဂအထူးပြု အေဂျင်စီတွင် အာဂျင်တီးနားနိုင်ငံ၏ ပါဝင်မှုကို ရုပ်သိမ်းရန် သမ္မတ ဟာဗီယားမီလီက နိုင်ငံခြားရေးဝန်ကြီးအား ညွှန်ကြားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မန်နျူရယ်အက်ဒေါ်နီက ပြောကြားခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံအတွက် လိုအပ်ချက်များ၊ အခြေအနေများနှင့် ကိုက်ညီသည့်မူဝါဒများကို အကောင်အထည်ဖော်ရာတွင် နိုင်ငံအတွက် ပို၍လိုက်လျောညီထွေဖြစ်စေသည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

 

ဆင်ဟွာ